ယူကရိန်းနိုင်ငံက ပျက်စီးယိုယွင်းနေတဲ့ ချာနိုဘိုင်း နျူကလီးယား စက်ရုံပတ်လည်မှာ လောင်နေတဲ့ တောမီးကို ဧပြီ ၁၈ ရက်က မီးသတ်တပ်ဖွဲ့ဝင်တွေက ဆက်ပြီးကြိုးစား ငြှိမ်းသတ်နေကြပါတယ်။

ကိယက်ဗ်နဲ့ ဇီတိုမီယာ ဒေသတွေထဲမှာ လောင်နေတဲ့ တောမီးကို မီးသတ်သမား အယောက် ၁၈၀၀ က မီးသတ် လေယာဉ်တွေအပါအဝင် ပစ္စည်းကိရိယာတွေနဲ့အတူ ကြိုးစားငြှိမ်းသတ်နေတယ်လို့ ယူကရိန်း ပြည်ထဲရေး ဝန်ကြီးဌာနက ပြောပါတယ်။

ဒီလအစောပိုင်းမှာ ချာနိုဘိုင်း နျူကလီးယား ဓာတ်ပေါင်းဖိုအပျက်ပတ်လည်က သစ်တောတွေထဲမှာ မီးရှို့သူတွေကြောင့် မီးအကြီးအကျယ် စတင်လောင်ကျွမ်းခဲ့တာလို့ ရဲက ပြောပါတယ်။

ဒီသီတင်းပတ်ထဲမှာ မီးငြှိမ်းလို့ ပြီးခဲ့ပေမယ့် ဧပြီ ၁၇ ရက်က မီးအသစ် ထပ်လောင်ပြီး လေပြင်းတွေကြောင့် မီးပိုကြီးလာခဲ့တယ်လို့ ရိုက်တာ သတင်းမှာ ဖော်ပြထားပါတယ်။

ဒါပေမယ့် တောမီးတွေနဲ့ ညစ်ညမ်းမှုတွေကြောင့် ဓာတ်ရောင်ခြည် အန္တရာယ်သစ်တွေတော့ မရှိဘူးလို့ ယူကရိန်း ကျန်းမာရေး ဝန်ကြီးဌာနက ပြောပါတယ်။

၁၉၈၆ ခုနှစ်က ချာနိုဘိုင်း ကပ်ဘေးကြောင့် နျူကလီးယား တိမ်တိုက်တွေ ဥရောပ အစိတ်အပိုင်း အများအပြားကို ဖုံးလွှမ်းခဲ့တာပါ။

ဇီတိုမီယာ ဒေသထဲမှာ လောင်တဲ့ တောမီးတွေကြောင့် အိမ်တချို့ပျက်စီးပြီး လူအတော်များများ သေဆုံးတဲ့ ယာဉ်မတော်တဆမှု ဖြစ်ခဲ့ပါတယ်။

ချာနိုဘိုင်း အဏုမြူစက်ရုံနဲ့ အနားက လူမနေတော့တဲ့ ပရီပြတ်မြို့တို့ဟာ ကမ္ဘာလှည့် ခရီးသည်တွေကို ဆွဲဆောင်ရာ နေရာ ဖြစ်လာခဲ့တာပါ။ အခုတော့ အဲဒီနေရာကို လူအဝင်အထွက် ပေးမလုပ်ဘဲ ပိတ်ဆို့ကန့်သတ်ထားပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )