အင်ဒိုနီးရှားနိုင်ငံက ကိုးနှစ်သမီးလေးတစ်ဦး ဆော့ချက်ကတော့ ကမ်းကုန်ပါပဲလို့ ပြောရမှာပါပဲ။ အဆော့လွန်ပြီး ၄၅ ပေအမြင့်က ဓာတ်ကြိုးမှာ တွဲလွဲခိုသွားရတဲ့အထိပါ။

အဲဒီလို ဓာတ်ကြိုးအမြင့်ကြီးမှာ တွဲလောင်းခိုနေတဲ့ ကိုးနှစ်သမီးလေးရဲ့ ဗီဒီယိုဟာ အွန်လိုင်းမှာ ပြန့်နှံ့ပြီး ကမ္ဘာမီဒီယာတွေကတောင် ဖော်ပြရတဲ့အထိပါပဲ။

ဘန်တန်ပြည်နယ် ကူရန့်ခရိုင်မှာ ဒီဖြစ်စဉ် သောကြာနေ့က အမှန်ဖြစ်ပွားခဲ့ကြောင်းကို အာဏာပိုင်တွေကလည်း အတည်ပြုပါတယ်။
ဖြစ်ပွားတာကတော့ ဓာတ်ကြိုးတွေ တပ်ဆင်နေချိန်မှာ အဆော့မက်တဲ့ အဲဒီ ကလေးမက ဓာတ်ကြိုးကို တွဲခိုရာကနေ ဖြစ်ပွားခဲ့တာပါ။

ဓာတ်ကြိုးတွေ တပ်ဆင်နေတဲ့ နေရာမှာ ကလေးမလေးက ဆော့ကစားနေခဲ့တာဖြစ်ပြီး ဓာတ်ကြိုးကို တွဲခိုရာက ခုလို အမြင့်ကြီးအထိ မတော်တဆ တွဲလောင်းခိုမိတာဖြစ်ပါတယ်။

“ကလေးက ဓာတ်ကြိုးတွေ တပ်ဆင်နေတာကို မသိဘူး။ အဲဒါနဲ့ တွဲလောင်းခိုရာက အမြင့်ထိ ရောက်သွားတော့တာ ဖြစ်တယ်။”လို့ ဌာနေ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ကလေးမလေးဟာ တပ်ဆင်နေတဲ့ ဓာတ်ကြိုး အနိမ့်ပိုင်းမှာ တွဲလောင်းခို လိုက်ပါရင်း တစ်ဖြည်းဖြည်း မြင့်တက်ရာကနေ လက်ကိုလည်း မလွှတ်ရဲပဲ လိုက်ပါသွားတော့တာ ဖြစ်ပါတယ်။
ကလေးလေး တွဲလောင်းခိုနေတာကို မသိကြတဲ့ အလုပ်သမားတွေကိုလည်း ဓာတ်ကြိုးကို ဆက်ဆွဲပြီး အမြင့်ထိရောက်အောင် တပ်ဆင်ကြတာကြောင့် ကလေးမလေးဟာ ၄၅ ပေ အမြင့်ထိ ရောက်သွားပြီး တွဲလောင်းခိုမိလျက်သား ဖြစ်သွားတော့တာပါ။

“ကယ်ကြပါဦး၊ သမီး ဆက်မဆုပ်ထားနိုင်တော့ဘူး။ အောက်ရောက်ချင်ပြီ။”လို့ ကလေးမလေးက အော်ဟစ်ငိုယိုသံကို ခြောက်စက္ကန့်စာ အွန်လိုင်းဗီဒီယိုမှာ မြင်တွေ့ရပါတယ်။

ဒီကျမှ ပတ်ဝန်းကျင်က လူတွေ သတိထားမိကြပြီး အောက်မှာ မွေ့ရာတွေ၊ စောင်တွေ၊ ခေါင်းအုံးတွေ ထားလို့ ကလေးမလေးကို ကယ်ခဲ့ရပါတယ်။
ကလေးမလေးဟာ အောက်ကို လွှတ်ချလိုက်ပေမယ့် အောက်မှာရှိတဲ့ အခုအခံတွေကြောင့် အနည်းငယ်သာ ထိခိုက်မှု ရှိပေမယ့် ချက်ချင်းပဲ ဆေးရုံတင်ပေးလိုက်ကြပါတော့တယ်။

Rf; The Straits Times
Writer_မောင်သံဆင့်(XYZ News)