ဒီ သီတင်းပတ်က အရေးကြီးတဲ့ နှစ်ပတ်လည်အခမ်းအနားကြီးတစ်ရပ်ကို မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအွန် တက်ရောက်ခဲ့ခြင်း မရှိတဲ့အတွက် ကျန်းမာရေးပြဿနာ ရှိနေနိုင်တဲ့အတွက်ကြောင့်ဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်ရကြောင်း အကဲဖြတ်တွေက သောကြာနေ့မှာ ပြောပါတယ်။

ကင်ဂျုံးအွန်ဟာ နေမင်းနေ့လို့ ခေါ်ဝေါ်သိထားတဲ့ အမျိုးသားအားလပ်ရက်ဖြစ်တဲ့ မြောက်ကိုရီးယားနိုင်ငံ တည်ထောင်သူ သူ့ရဲ့ အဘိုး ကင်အီဆွန်းရဲ့ မွေးနေ့ နှစ်ပတ်လည်နေ့ကို ဗုဒ္ဓဟူးနေ့က တက်ရောက်ခဲ့ခြင်း မရှိခဲ့တာ ဖြစ်ပါတယ်။

ကမ်ဆူဆန်း နေမင်းနန်းတော်မှာ ထိန်းသိမ်းထားရှိထားတဲ့ ကင်အီဆွန်းရဲ့ ဆေးစိမ်ထားတဲ့ ရုပ်အလောင်းကို အကြီးတန်းအရာရှိကြီးတွေက ဂါဝရပြုခဲ့ကြတာကို နိုင်ငံပိုင် KCNA သတင်းဌာနက ထုတ်လွှင့်ပြသခဲ့ပါတယ်။

ဒါပေမယ့် အရင်နှစ်တွေလိုမဟုတ်ဘဲ လာရောက်ဂါရဝပြုကြသူတွေမှာ ကင်ဂျုံးအွန်ပါ ပါဝင်ကြောင်းကို ဖော်ပြခဲ့ခြင်း မရှိပါ။ ပါတီရဲ့ အာဘော်က ထုတ်ဝေတဲ့ Rodong Sinmun သတင်းစာက ဖော်ပြတဲ့ ဓာတ်ပုံတွေမှာလည်း ကင်ဂျုံးအွန် တက်ရောက်တာကို မြင်တွေ့ရတာ မရှိခဲ့ပါ။

ခုလို အသက် ၃၆ နှစ်အရွယ် အဝလွန်တဲ့ ကင်ဂျုံးအွန် တက်ရောက်လာခြင်း မရှိတဲ့အတွက် သူ့မှာ ကျန်းမာရေး အခြေအနေ မကောင်းဘူးဆိုတဲ့ ထင်ကြေးတွေ ထွက်ပေါ်လာခဲ့ပါတယ်။

မြောက်ကိုရီးယားအရေးကို ကိုင်တွယ်တဲ့ တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာနက ပြောခွင့်ရအမျိုးသမီးတစ်ဦးကတော့ ကင်ဂျုံးအွန် တက်ရောက်တာကို နိုင်ငံပိုင်မီဒီယာက သတင်းမလွှင့်သွားတာကို သတိထားမိတယ်လို့ ပြောပေမယ့် ထင်မြင်ချက် တစ်စုံတစ်ရာ မပေးပါ။

တောင်ကိုရီးယား ဆီဂျုံးသိပ္ပံကျောင်းက အကြီးတန်းသုတေသီတစ်ဦးကတော့ ကင်အီဆွန်းရဲ့ မွေးနေ့ပွဲကို ကင်ဂျုံးအွန် မတက်ရောက်တာဟာ ဆယ်စုနှစ်တွေအတွင်း ပထမဆုံးပဲ ဖြစ်ပြီး ကင်ဂျုံးအွန်ကို ဒီဇင်ဘာနှောင်းပိုင်းကစပြီး လူမြင်ကွင်းမှာ မမြင်တွေ့ရဘူးလို့ ပြောခဲ့ပါတယ်။

“ဖြစ်နိုင်တာကတော့ ကျန်းမာရေး မကောင်းတာပဲ ဖြစ်ဖြစ်၊ ဒါမှမဟုတ် ဘေးကင်းရေးအတွက် လူလုံးထွက်မပြတာမျိုးလည်း ဖြစ်နိုင်ပါတယ်။”လို့ ၎င်းက ပြောခဲ့ပါတယ်။

Rf; Reuters
Writer_မောင်သံဆင့်(XYZ News)