ပြင်သစ်သမ္မတ အင်မန်နုရယ် မာခရွန်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုအပေါ် တရုတ်ကိုင်တွယ်ပုံကို မေးခွန်းထုတ်လိုက်ပြီ အခြင်းအရာတွေ ဖြစ်ပျက်သွားတာကို ကျနော်တို့ မသိလိုက်ရဘူးလို့ ပြောကြားခဲ့ပါတယ်။

မစ္စတာ မာခရွန်က Financial Times ကို ပြောကြားရာမှာတော့ တရုတ်နိုင်ငံက ဒီအကျပ်အတည်းကို ကောင်းကောင်းကိုင်တွယ်ခဲ့တယ်လို့ ပြောရင်တော့ တုံးလွန်းရာကျတယ်လို့ ဆိုပါတယ်။

အနောက်နိုင်ငံတွေဟာ သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရေးဂေဟာတွေမှာ သေလိုရာသေစေ ပစ်ထားတယ်ဆိုတဲ့ တရုတ်သံရုံး၀ဘ်ဆိုက်က ဆောင်းပါးတစ်ပုဒ်ကြောင့် ဝေဖန်ကန့်ကွက်သံတွေ ဆူညံလာပြီးနောက်မှာ မာခရွန်က အခုလိုပြောကြားလိုက်တာပဲ ဖြစ်ပါတယ်။

ပြင်သစ်နိုင်ငံခြားရေး၀န်ကြီးက တရုတ်သံအမတ်ကို ခေါ်ပြီး တရား၀င်ကန့်ကွက်ခဲ့တယ်လို့ ဆိုပါတယ်။

တရုတ်ဖက်ကတော့ နားလည်မှုလွဲခြင်းသာဖြစ်တယ်လို့ ပြောကြားပြီး အစိုးရပြောခွင့်ရပုဂ္ဂိုလ် ကျောင်း လီကျန်းကတော့ ကူးစက်ရောဂါကို ပြင်သစ် ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ အဆိုးမြင်မှတ်ချက်စကားကို ဘယ်တုန်းကမှ မပြောခဲ့ဘူးလို့လည်း ငြင်းဆန်ခဲ့ပါတယ်။

ပြင်သစ်နိုင်ငံမှာ Covid-19 ရောဂါ ကူးစက်ခံရသူ ၁၄၁၀၀၀ရှိပြီး ၁၈၀၀၀နီးပါး သေဆုံးခဲ့ပြီဖြစ်ပါတယ်။ တရုတ်နိုင်ငံမှာတော့ သောကြာနေ့က ကြေညာခဲ့တဲ့ ဝူဟန်မြို့မှာ နောက်ထပ် ၁၂၉၀ဦးအပါအ၀င် ၄၆၃၂ယောက် သေဆုံးခဲ့ပါတယ်။ ဝူဟန်မြို့ဟာ ကူးစက်ရောဂါ စတင်တဲ့နေရာဖြစ်ပေမယ့်လည်း မကြာသေးမီကပဲ ပိတ်သိမ်းမှုကို ဖယ်ရှားလိုက်ပြီ ဖြစ်ပါတယ်။

ဒေသအာဏာပိုင်တွေက အစောပိုင်းသတင်းတွေဟာ ကြန့်ကြာနေခဲ့ပြီး တိလည်းမတိကျဘူးလို့ ဆိုပါတယ်။

အမေရိကန်၊ ယူကေနဲ့ ပြင်သစ်အပါအ၀င် နိုင်ငံတွေကတော့ ကူးစက်ရောဂါနဲ့ ပတ်သက်တဲ့ တရုတ်ရဲ့ ပွင့်လင်းမြင်သာမှုကို မေးခွန်းထုတ်နေကြပါတယ်။
ကူးစက်ရောဂါကို ထိန်းချုပ်ရာမှာ တရုတ်အာဏာပိုင်စနစ်ရဲ့ ထိရောက်မှုက အနောက်ဒီမိုကရေစီနိုင်ငံတွေရဲ့ အားနည်းချက်ကို မီးမောင်းထိုးပြသလိုများဖြစ်နေသလားလို့ မေးမြန်းတဲ့အခါမှာတော့ မစ္စတာမာခရွန်က ပွင့်လင်းလူ့အဖွဲ့အစည်းတွေနဲ့ အမှန်တရားကို ဖိနှိပ်ထားတဲ့ လူ့အဖွဲ့အစည်းနှစ်ရပ်ကို နှိုင်းယှဉ်စရာမဟုတ်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။

“အဲဒီလို မတူကွဲပြားမှုတွေအရ ဒီနေ့တရုတ်ပြည်က ဘာလဲ။ အကျပ်အတည်းကို တရုတ်နိုင်ငံက ပိုပြီး ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့တယ်လို့ ပြောရလောက်အောင်တော့ မတုံးသင့်ပါဘူး”လို့ မာခရွန်က ပြောကြားခဲ့ပါတယ်။

“ကျနော်တို့ ဘာမှမသိကြဘူး။ အခြင်းအရာတွေဟာ ကျနော်တို့ မသိဘဲ ဖြစ်ပျက်သွားခဲ့တယ်ဆိုတာ ထင်ရှားပါတယ်”လို့လည်း မာခရွန်က ထပ်လောင်းပြောကြားပါတယ်။

ကူးစက်ရောဂါကို တိုက်ဖျက်ဖို့ လွတ်လပ်ခွင့်တွေါကို လျစ်လျူရှုလိုက်တာက အနောက်ဒီမိုကရေစီအတွက် အန္တရာယ်ရှိတယ်။ ဒါကို ကျနော်တို့ လက်မခံနိုင်ပါဘူး။ ကျန်းမာရေးအန္တရာယ်ကြုံနေရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့တော့ အခြေခံဗီဇကို လျစ်လျူရှုလို့မရပါဘူးလို့လည်း မာခရွန်က ပြောကြားသွားခဲ့ပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : BBC

Ads