နိုင်ငံအတော်များများက ကိုရိုနာဗိုင်းရပ်စ်ပျံ့ပွားမှုကို ထိန်းချုပ်ဖို့အတွက် တင်းကျပ်တဲ့ ပိတ်သိမ်းမှုစည်းမျဉ်းတွေကို အကောင်အထည်ဖော်နေကြလို့ ကမ္ဘာကြီးဟာ သိသိသာသာပဲ အလုပ်နည်းသွားပါတယ်။ လေကြောင်း ရေကြောင်း ကုန်းကြောင်းခရီးစဉ်တွေ ဆိုင်းငံ့ထားတယ်။ ကျောင်းတွေနဲ့ မရှိမဖြစ်မဟုတ်တဲ့ လုပ်ငန်းတွ ပိတ်ထားတယ်။ လူတွေကို အိမ်ထဲမှာပဲ နေခိုင်းထားပြီး မဖြစ်မနေ အပြင်ထွက်ရရင်တောင်မှ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာ နေခိုင်းထားတယ်။

အိန္ဒိယမှာဆိုရင် အညစ်ညမ်းဆုံးမြို့ကြီးတွေမှာတောင်မှ လေထုဟာ သန့်စင်လာတယ်။ သိပ္ပံပညာရှင်တွေရဲ့ ပြောကြားချက်အရ ကမ္ဘာမြေကြီးတောင်မှပဲ ခါတိုင်းလောက် မတုန်တော့ဘူးလို့ ဆိုပါတယ်။  ဥပမာအနေနဲ့ပြရရင် ဘူမိဗေဒပညာရှင်လည်းဖြစ်၊ ငလျင်ဗေဒပညာရှင်လည်းဖြစ်တဲ့ သောမတ်စ် လပ်ကော့ကတော့ ဘယ်လ်ဂျီယံရဲ့မြို့တော် ဘရပ်ဆဲဟာ မတ်လလယ်လောက်ကစပြီး ခရစ္စမတ်နေ့နီးလာတဲ့အခါမှာ ဖြစ်တတ်သလိုမျိုး ၎င်းရဲ့အနီးဝန်းကျင်မှာ ငလျင်လှုပ်ရှားမှုကြောင့် ဖြစ်တဲ့ ဆူညံသံတွေ ကြားရတဲ့နှုန်းဟာ ၃၀%ကနေ ၅၀%အထိ လျော့နည်းသွားတယ်လို့ ဆိုပါတယ်။

လပ်ကော့ရဲ့ ပြောကြားချက်အရ ဒီအခြေအနေသစ်ကြောင့် ပိုသေးငယ်တဲ့ တုန်ခါမှုတွေကို ထောက်လှမ်းမှတ်တမ်းတင်ရတာ ပိုလွယ်လာတယ်လို့ ဆိုပါတယ်။ တခြားအခြအနေမှာဆိုရင်တော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုရဲ့ တချို့နေရာတွေမှာလည်း အလားတူဖြစ်ပျက်နေတယ်လို့ ငလျင်ဗေဒပညာရှင် အန်ဒီ ဖရပ်ဆက်တိုက ပြောပါတယ်။ လပ်ကော့ကတော့ သူတို့ရဲ့အလုပ်ကို လွယ်ကူချောမောစေရုံမကဘဲ၊ လူတွေက ရောဂါကို တိုက်ဖျက်ဖို့အတွက် ပိုပိုပြီး အလုပ်လုပ်လာကြတဲ့သဘောပဲ လို့ဆိုပါတယ်။

“ငလျင်ဗေဒရှုထောင့်ကကြည့်မယ်ဆိုရင်တော့ လူတွေကို စိတ်ခွန်အားမြှင့်တင်ပေးနိုင်တာက “ကြည့်ပ။ လူအပေါင်းတို့။ ခင်ဗျားတို့ အိမ်မှာ တစ်ယောက်တည်း အထီးကျန်တယ်လို့ ခံစားနေရရင် ကျနော်တို့ပြောနိုင်တာက လူတိုင်းက အိမ်ထဲမှာပဲ နေနေကြတယ်။ လူတိုင်းက ဒီအလုပ်တစ်ခုတည်းကိုပဲ လုပ်နေကြတယ်။ လူတိုင်းက စည်းမျဉ်းတွေကို လေးစားလိုက်နာနေကြတယ်”လို့ လပ်ကော့က ပြောကြားပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Elite Readers

Ads