ဆော်ဒီအာရေဗျဘုရင့်နိုင်ငံတော်ရဲ့ တော်ဝင်မိသားစုဝင် ၁၅၀လောက်ဟာကိုရိုနာဗိုင်းရပ်စ် (Covid-19) ကူးစက်ခံခဲ့ရဖွယ်ရှိတယ်လို့ ဆိုပါတယ်။ ဘုရင့်နိုင်ငံတော်က တရားဝင်သတင်းမထုတ်ပြန်ပေမယ့်လည်း တော်ဝင်မိသားစုနဲ့နီးစပ်တဲ့ ပုဂ္ဂိုလ်တစ်ယောက်က နယူးယောက်တိုင်းမ်ကို ပြောကြားရာမှာတော့ မင်းသားနဲ့ မင်းသမီး ၁၅၀လောက်ဟာ ဗိုင်းရပ်စ်ကူးစက်ခံခဲ့ရဖွယ်ရှိတာကြောင့် ယခုလက်ရှိ ဥရောပကို ခရီးသွားပြီး ပြန်လာတဲ့အခါမှာ သီးခြားခွဲနေနေကြတယ်လို့ ဆိုပါတယ်။

အစောပိုင်းကပဲ ရီယာ့ဒ်မြို့တော်ဝန် မင်းသားကြီး ဖိုင်ဆယ် ဘင် ဘန်ဒါဘင် အဗ္ဗဒူဇစ် အယ် ဆောနဲ့ ဘုရင်ဆယ်လ်မန်းရဲ့ တူတို့ဟာ Covid-19 ကူးစက်ခံနေရတဲ့အကြောင်း ဆရာဝန်တွေက အတည်ပြုခဲ့ပါတယ်။ ဘုရင်ဆယ်လ်မန်းရဲ့ တူတော်ဟာ အခုလက်ရှိမှာ ဘုရင်ဖိုင်ဆင်အထူးကုဆေးရုံရဲ့ အထူးကြပ်မတ်ကုသဆောင်ထဲ ရောက်နေတယ်လို့ ဆိုပါတယ်။

အသက် ၈၄နှစ်ရှိပြီဖြစ်တဲ့ ဘုရင်ဆယ်လ်မန်းဟာ ဗိုင်းရပ်စ်အန္တရာယ်က လွတ်ကင်းပေမယ့်လည်း အခုလက်ရှိမှာ သီးခြားခွဲနေနေတယ်လို့ ဆိုပါတယ်။
တချိန်တည်းမှာပဲ ဘုရင်ဆယ်လ်မန်းရဲ့သားတော် အိမ်ရှေ့မင်းသား မိုဟမ္မတ် ဘင် ဆယ်လ်မန်း(၃၄နှစ်)ဟာလည်း ပင်လယ်နီကမ်းခြေက စံအိမ်ထဲမှာ သီးခြားခွဲနေနေပြီး သူနဲ့ သူ့ဝန်ကြီးတွေအကုန်လုံး ရောဂါခြေချုပ်နေနေကြတယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Elite Readers

Ads