ဗီတာမင်-စီ စီဗစ်ဆေးပြားတွေကို သင်္ကြန်ပိတ်ရက်တွေမှာလည်း ထုတ်လုပ်နေပြီး ကုန်ကြမ်းဈေးတက်နေပေမယ့် အတတ်နိုင်ဆုံး ဈေးလျှော့ရောင်းပေးမယ်လို့ ဘီပီအိုင်ဆေးဝါးစက်ရုံ(အင်းစိန်) က ထုတ်ပြန်ထားပါတယ်။

အခုသင်္ကြန်ကာလ ပိတ်ရက်တွေမှာ ကိုဗစ်-၁၉ ကို ကာကွယ်ဖို့အတွက် Cevit Tablet (100’s) ဘူး ၅ သောင်းလောက် ထုတ်လုပ်နေပြီး သင်္ကြန်ပိတ်ရက်တွေပြီးရင် ဘီပီအိုင် စက်ရုံ အရောင်းဆိုင်နဲ့ တခြားမြို့တွေမှာရှိတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့စက်မှုဝန်ကြီးဌာနရဲ့ ဆေးဝါး အရောင်းဆိုင်တွေမှာ ဖြန့်ချိရောင်းချသွားမယ်လို့ ဆိုပါတယ်။

အခုအခါ ကိုဗစ်-၁၉ ကြောင့် Cevit Tablet ထုတ်လုပ်တဲ့ Ascorbic Acid BP ကုန်ကြမ်းထုတ်တဲ့ တရုတ်နိုင်ငံက စက်ရုံတွေ ရပ်ဆိုင်းထားပြီး ကုန်ကြမ်းဈေးနှုန်း ၃ ဆလောက်မြင့်နေပေမယ့် ဘီပီအိုင်အနေနဲ့ ဆေးတဘူးရောင်းဈေးကို  နေရာဒေသ အနီးအဝေးအလိုက် သယ်ပို့စရိတ်တွေ အပါအဝင် ၁၅၀၀ ကျပ်ထက် မများတဲ့ဈေးနှုန်းနဲ့ ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

ဗီတာမင်စီဟာ ကိုယ်ခံစွမ်းအားကို မြင့်တက်စေတာကြောင့် ရောဂါတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လက်ရှိမှာတော့ အပြင်က ဆေးဆိုင်တွေမှာ ဗီတာမင်စီ အလုံး ၁၀၀ ပါ တဘူးကို ကျပ် ၂၀၀၀ ဝန်းကျင်ကနေ ကျပ် ၅၀၀၀ ကျော်အထိ ရောင်းချနေတာ ဖြစ်ပါတယ်။

Cevit Tablet (100’s) ဝင် ဘူး ၇ သိန်းလောက် ထုတ်ဖို့အတွက် ကုန်ကြမ်းဝယ်ဖို့ တင်ဒါဈေးဆစ်ပြီး ဖြစ်တာကြောင့် ဆက်ရောက်လာမှာဖြစ်ပြီး ဈေးကွက်ထဲကိုလည်း အမြန်ဆုံး ဖြန့်ချိသွားမယ်လို့ ဆိုပါတယ်။

ဘီပီအိုင် Cevit Tablet (100 mg) ဆေးပြား ၁၀၀ ပါ တဘူးကို လက်လီဈေးနှုန်း ၉၁၀ ကျပ်နဲ့ ဖြန့်ချိပြီး ဘီပီအိုင်အရောင်းဆိုင်တွေကနေ တဘူးကို ၁၀၀၀ ကျပ်နှုန်းနဲ့ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလအထိ ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။

 

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads