တောင်ကိုရီးယားအာဏာပိုင်တွေရဲ့ ဧပြီလ ၁၀ရက်နေ့က ပြောကြားချက်အရ Covid-19 ကင်းစင်သွားပြီလို့ ယူဆထားခဲ့တဲ့ လူနာ ၉၁ယောက်မှာ ရောဂါပိုးရှိနေကြောင်းကို ထပ်မံစမ်းသပ်တွေ့ရှိရပြန်တယ်လို့ ဆိုပါတယ်။  ဒီလို ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကွဲကွဲပြားပြားမသိရသေးဘဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်တယ်လို့ တောင်ကိုရီးယားအာဏာပိုင်တွေက ပြောကြားပါတယ်။

နိုင်ငံအတော်များများက ကူးစက်ခံရပြီးတဲ့လူတွေဟာ နောက်တစ်ကြိမ်ပြန်ပြီး ကူးစက်မခံရလို့ လုံလောက်တဲ့ ကိုယ်ခံအားစနစ် တည်ဆောက်ပြီးဖြစ်သွားမယ်လို့ မျှော်လင့်ထားကြတာဖြစ်လို့ ကောင်းသွားပြီးမှ ဗိုင်းရပ်စ်တစ်ခါ ပြန်ကူးစက်ခံရနိုင်တဲ့အလားအလာကို တစ်ကမ္ဘာလုံးက ကြောက်လန့်နေခဲ့ကြတာပဲ ဖြစ်ပါတယ်။

ဒီလို တစ်ကျော့ပြန်ကူးခံရတဲ့လူနာ ၅၁ယောက်ကနေ ထပ်တိုးလာတာဖြစ်တယ်လို့ တောင်ကိုရီးယားက တနင်္လာနေ့မှာ ပြောကြားခဲ့ပါတယ်။  တောင်ကိုရီးယားမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်ပွားတဲ့ Covid-19 ရောဂါမှ ပြန်လည်သက်သာသူက ၇၀၀၀နီးပါး ရှိပါတယ်။  “အရေအတွက်က တက်လာဦးမှာပါ။ ၉၁ယောက်ဆိုတာက အစပဲ ရှိပါသေးတယ်”လို့ တောင်ကိုရီးယား ကူးစက်ရောဂါပါမောက္ခ ကင် ဝူးဂျူးက ပြောကြားပါတယ်။

လူနာတွေဟာ တစ်ကျော့ပြန်ကူးစက်ခံရတာထက်ကို ဗိုင်းရပ်စ်က တစ်ဖန်ပြန်လည် ရှင်သန်ထကြွလာတာဖြစ်နိုင်တယ်လို့လည်း ပညာရှင်တွေက ယူဆနေကြပါတယ်။  ကင်ကတော့ လူနာတွေဟာ တစ်ကျော့ပြန်ကူးစက်ခံရတာထက် ကိုယ်ခံအားဆုတ်ယုတ်ပြီး ပြန်ပေါ်လာတာဖြစ်နိုင်တယ်လို့ သုံးသပ်ပါတယ်။
ဒါမှမဟုတ် စမ်းသပ်မှုရလဒ်တွေ မှားယွင်းတာလည်းဖြစ်နိုင်ပြီး ဗိုင်းရပ်စ်အကြွင်းအကျန်က လူနာတွေရဲ့ ကိုယ်ခံအားစနစ်ထဲမှာ ရှိနေသေးပြီး မကူးနိုင်တော့တာ ဒါမှမဟုတ် လက်ခံထားသူကိုရော အခြားသူတွေအတွက်ရော အန္တရာယ်မရှိတော့တဲ့ အနေအထားကို ရောက်သွားတာလည်း ဖြစ်နိုင်တယ်လို့ ပညာရှင်တွေက ပြောကြားပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Reuters

Ads