အသက် ၁၀၁နှစ်အရွယ် ဗြိတိန်အဖိုးအိုဟာ ကိုရိုနာဗိုင်းရပ်စ်ကို အနိုင်တိုက်ပြီးတဲ့နောက် အိမ်ကိုပြန်သွားခဲ့ပြီဖြစ်တယ်လို့ သူ့ကိုဆေးကုသပေးလိုက်တဲ့ ဆေးရုံက ပြောကြားပါတယ်။ ဒီအဖိုးအိုဟာ အင်္ဂလန်၊ ရက်ဒစ်က အလက်ဇန်းဒရာဆေးရုံမှာ ဗိုင်းရပ်စ်ကို ရက်သတ္တနှစ်ပတ်ကြာ ခုခံတိုက်ပွဲဝင်နေခဲ့တာပဲ ဖြစ်ပါတယ်။ ဆေးရုံက ဒီအဖိုးအိုရဲ့ ပထမနာမည်ကိုပဲ ထုတ်ပြန်လို့ ဘီဘီစီကလည်း အဖိုးအိုနာမည်ကို ကိတ် ဝပ်ဆန်လို့သာ ဖော်ပြခဲ့ပါတယ်။

ဆေးရုံကတော့ ဝပ်ဆန်ကို ဆေးရုံဝန်ထမ်းတွေ ဝိုင်းနေတဲ့ပုံကို ပို့စ်တစ်ခုမှာ ဝေမျှထားပါတယ်။ ပြီးခဲ့တဲ့ ရက်သတ္တနှစ်ပတ်တာလုံးကို ကိတ်ကို စောင့်ရှောက်ခဲ့သူအားလုံးအတွက် ဂုဏ်ယူပါတယ်လို့လည်း ရေးသားထားပါတယ်။ ကျန်းမာရေးပါရဂူတွေနဲ့ အစိုးရာအာဏာပိုင်တွေက ဗိုင်းရပ်စ်က သက်ကြီးရွယ်အိုတွေကို ပိုဒုက္ခပေးတယ်လို့ သတိပေးထားလို့ ဝပ်ဆန်လို အသက်ရာကျော်တန်းတွေအဖို့ ပိုလို့တောင် အန္တရာယ်ကြီးပါတယ်။
ဆေးရုံကတော့ ကိတ်တစ်ယောက် ဆေးရုံက ဘေးမသီရန်မခ ဆင်းခွင့်ရလို့ ပျော်ရွှင်မိကြောင်း၊ လူနာတွေကို တတ်နိုင်သမျှ ပြုစုစောင့်ရှောက်ဖို့ နေ့မနားညမနား အလုပ်လုပ်နေရတဲ့ ကျန်းမာရေးဝန်ထမ်းတွေအဖို့ စိတ်ခွန်အားကြီးတစ်ရပ်ပင်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

တကယ်တော့ ဝပ်ဆန်ဟာ ချော်လဲရာက ဆေးရုံကို ရောက်လာတာဖြစ်ပြီး အပြင်းဖျားလာလို့ စစ်ဆေးကြည့်တဲ့အခါ Covid-19 ကူးစက်ခံနေရာကို တွေ့ရှိလာရတာပဲ ဖြစ်ပါတယ်။ ဝပ်ဆန် ပြန်လည်ကျန်းမာလာတဲ့သတင်းက ဗြိတိန်ခေါင်းဆောင် အခြေအနေတိုးတက်လာလို့ အရေးပေါ်ခန်းထဲက ထွက်လာရတာနဲ့ တစ်နေ့တည်းပဲ ဖြစ်ပါတယ်။ ဝန်ကြီးချုပ် ဘောရစ် ဂျွန်ဆင်ဟာလည်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရလို့ ကုသမှုခံယူနေရရာမှာ အခုတော့ အရေးပေါ်ခန်းထဲက ထွက်လာပြီး ရိုးရိုးလူနာဆောင်ကို ပြန်ရောက်လာနိုင်ခဲ့ပြီလို့ ဆိုပါတယ်။ ဗြိတိန်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့အရေအတွက်က ကြာသပတေးနေ့မှာ ၈၀၀၀နီးပါးအထိ မြင့်တက်လာခဲ့ရာမှာ တစ်ရက်တာအတွင်းမှာ လူ ၉၀၀နီးပါး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : MSN.com

Ads