အမေရိကန်တွင် ကိုရိုနာကူးစက်ပြီးပြန်ကောင်းလာသူများ၏သွေးဖြင့် ရောဂါဖြစ်နေသူများကို ပြန်ကု

ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရတဲ့ လူနာတွေကို ရောဂါကူးစက်ပြီး ပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်နဲ့ အမေရိကန် ဆရာဝန်တွေက ပထမဆုံးအကြိမ် ကုသပေးနေပါတယ်။COVID-19 လို ကူးစက်ရောဂါတွေကနေ ပြန်ကောင်းလာသူတွေရဲ့ သွေးမှာ အများအား ဖြင့် ဗိုင်းရပ်စ် တိုက်ထုတ်ဖို့ ကိုယ်ခံအားစနစ်က ထုတ်လုပ်တဲ့ ပဋိပစ္စည်း ဒါမှမဟုတ် ပရိုတိန်းတွေ ပါဝင်နေပါတယ်။

ဒါကို နေပြန်ကောင်းလာသူတွေရဲ့ သွေးရည်ကြည်ဆိုပြီး ခေါ်ဆိုပါတယ်။အဲဒီပဋိပစ္စည်းတွင်ပါဝင်တဲ့ သွေးရည်ကြည်ကိုယူပြီး ကူးစက်ခံရတဲ့ လူနာတွေကို ထိုးပေးနိုင်ပါတယ်။ဒီသွေးရည်ကြည်ကုထုံးဟာ မိနစ် ၉၀ အထိ ကြာမြင့်ပြီး အလှူရှင်တဦးဆီက သွေးရည်ကြည်ကို လူနာ သုံးလေးယောက်အထိ ကုသပေးနိုင်ပါတယ်။

အမေရိကန်ဆေးရုံ နှစ်ခုဟာ COVID-19 လူနာတွေကို မတ်လ ၂၈ ရက်ကစပြီး အဲဒီ သွေးရည်ကြည်ကုထုံးနဲ့ စတင် ကုသပေးနေပါတယ်။ဒီလိုနေပြန်ကောင်းလာသူတွေဆီက ရတဲ့ သွေးရည်ကြည်နဲ့ကုတဲ့ကုထုံးဟာ အသစ်အဆန်း မဟုတ်ဘဲ ၁၉၁၈ ကူးစက်မြန် တုပ်ကွေးကပ်ရောဂါ ကာလတုန်းကလည်း အောင်အောင်မြင်မြင် အသုံးပြုခဲ့ဖူးတယ်လို့ ရိုက်တာသတင်းက ဆိုပါတယ်။

အမေရိကန်နိုင်ငံ နယူးယောက်မြို့ ဘရွတ်ကလင်းရပ်ကွက်က ကင်းစ်ဘရွတ်ခ် ဂျူးဆေးကုသရေးစင်တာရဲ့အပြင်ဘက်မှာ အိတ်ဖြူတွေနဲ့ ထုပ်ထားတဲ့ အလောင်းတွေကို ဧပြီ ၉ရက်က အအေးခန်းကားတွေနဲ့ ယာယီရင်ခွဲရုံဆီ ပို့ခဲ့တယ်လို့ သိရပါတယ်။ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် နယူးယောက်ပြည်နယ် တခုတည်းမှာတင် ဧပြီ ၈ ရက်က လူ ၇၉၉ ယောက် သေဆုံးခဲ့လို့ စုစုပေါင်းသေဆုံးသူ ၇၀၆၇ ယောက် ဖြစ်သွားပါတယ်၊

အမေရိကန်ဟာ COVID-19 ဗိုင်းရပ်စ် ကူးစက်ခံဦးရေရော သေဆုံးသူ ဦးရေပါ ကမ္ဘာပေါ်မှာ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ဧပြီ ၁၀ ရက် မနက် ၁၁ နာရီထိ အတည်ပြုချက်အရ အမေရိကန်မှာ ကူးစက်ခံ အယောက် ၄၇၀၀၀၀ နီးပါးရှိပြီး သေဆုံးသူ ၁၆၇၀၀ နီးပါး ရှိနေပါပြီ။ကမ္ဘာတလွှားမှာ ကိုရိုနာကူးစက်ခံဦးရေ ၁၆ သိန်းကျော်ရှိပြီး သေဆုံးသူ ၉ သောင်း ၆ ထောင်နီးပါးရှိပါတယ်။ကူးစက်ခံ သေဆုံးသူ အယောက် ၁ သောင်းနဲ့အထက်ရှိတဲ့ နိုင်ငံတွေကတော့ အမေရိကန်၊ အီတလီ၊ စပိန်နဲ့ ပြင်သစ်နိုင်ငံတွေ ဖြစ်ပါတယ်။

ယခုဖော်ပြပါသတင်းကို DVB Multimedia Group  တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )

Ads

Type keyword to search