လူတစ်ယောက်တော့ ဆေးရုံတစ်ရုံက နှာခေါင်းစည်းတွေခိုးလို့ ထောင်ချခံလိုက်ရပါပြီ။ ခိုးသူက အသက် ၃၄နှစ် အရွယ် လီရွန် ဟူစိန်ဆိုသူဖြစ်ပြီး လန်ဒန် ကင်းကောလိပ်ဆေးရုံက အရေးကြီးတဲ့ အကာအကွယ်ကိရိယာကို ခိုးယူခဲ့တာပါ။ ကင်းကောလိပ်ဆေးရုံဆိုတာကတော့ Covid-19 ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိပြီး ယူကေရဲ့ အသက်အငယ်ဆုံး ကိုရိုနာဗိုင်းရပ်စ်လူနာ သေဆုံးသွားခဲ့တဲ့ ဆေးရုံပဲဖြစ်ပါတယ်။

တနင်္ဂနွေနေ့က ဟူစိန်ကို လုံခြုံရေးဝန်ထမ်းတွေက ဖမ်းဆီးခဲ့ပြီးနောက်မှာ ဆေးရုံက ရဲကို ဖုန်းဆက်ခေါ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဟူစိန်ကို ခွဲစိတ်ခန်းသုံးနှာခေါင်းစည်းတွေ ခိုးနေတုန်း မိသွားလို့ အာဏာပိုင်တွေက ခိုးမှုသံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်ပြီး ရုံးမိန့်ကို ချိုးဖောက်မှုလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လန်ဒန်တောင်ပိုင်း ကလာဖမ်ရပ်က ဟူစိန်ကို အဲဒီနေ့နှောင်းပိုင်းမှာပဲ ခိုးမှုနဲ့ တရားစွဲခဲ့လို့ အင်္ဂါနေ့မှာ ကြားနာစစ်ဆေးခဲ့ကြတယ်လို့ ဆိုပါတယ်။ သူက ခိုးမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့လို့ ခရိုင်ဒါန်တရားရုံးက သူ့ကို ထောင်သုံးလ ပြစ်ဒဏ်ချမှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေက တစ်ကိုယ်ရေသုံးကာကွယ်ရေးပစ္စည်းတွေ ပိုထုတ်ပေးဖို့ တောင်းခံနေတဲ့အချိန်မှာပဲ ဟူစိန်ရဲ့ ခိုးမှု ပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Sky News

Ads