ဗုဒ္ဓဟူးနေ့က အီတလီမြောက်ပိုင်းက မြစ်ကူးတံတားတစ်စင်း ပြိုကျသွားခဲ့ပေမယ့်လည်း ဗင်ကားယာဉ်မောင်းနှစ်ယောက်ကတော့ ပြင်းပြင်းထန်ထန် ထိခိုက်ဒဏ်ရာရမယ့်ဘေးက သီသီကလေး လွတ်မြောက်ခဲ့ကြတယ်လို့ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ရောဂါကြောင့် မြို့တွေကို ပိတ်သိမ်းထားလို့ ပြည်နယ်ချင်းစပ်လမ်းမဟာ ပုံမှန်အားဖြင့် စည်ကားရှုပ်ထွေးခဲ့ပေမယ့်လည်း တံတားပြိုကျချိန်မှာ ယာဉ်အသွားအလာ ကြဲပါးနေခဲ့တယ်လို့ ဆိုပါတယ်။

ဓာတ်ပုံတွေထဲမှာတော့ အနီရောင်ကုန်သေတ္တာကားတစ်စင်းကို ပြိုကျနေတဲ့လမ်းမပေါ်မှာ မတ်ရပ်အနေအထားနဲ့ တွေ့ရတယ်လို့ ဆိုပါတယ်။ ယာဉ်မောင်းကို ပြုတ်ကျလာတဲ့ အင်္ဂတေအစအနတွေ ထိမှန်လို့ ဆေးရုံကို လေယာဉ်နဲ့ ပို့ဆောင်လိုက်ရပေမယ့်လည်း ဒဏ်ရာသေးငယ်တယ်လို့ ဆိုပါတယ်။

ဒုတိယမြောက်ဘင်ကားထဲက ယာဉ်မောင်းကတော့ ကားထဲက မထိမခိုက် ထွက်လာနိုင်ခဲ့ပေမယ့်လည်း ထိတ်လန့်တုန်လှုပ်နေတယ်လို့ ဆိုပါတယ်။ တခြားပိတ်မိနေသူတွေ ရှိသေးလားဆိုတာကို မီးသတ်သမားတွေက စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
၂၀၁၈ခုနှစ် သြဂုတ်လတုန်းက ဂျီနိုအာက မိုရန်ဒီတံတားကြီး ပြိုကျပြီး လူ၄၃ယောက် သေဆုံးပြီးကတည်းက အီတလီမှာ လမ်းတံတားတွေရဲ့ အခြေအနေကို အနီးကပ်စောင့်ကြည့် စစ်ဆေးလာခဲ့တာပဲ ဖြစ်ပါတယ်။

အခုနောက်ဆုံးတံတားပြိုကျမှုက အရှေ့ဖက် ၁၀၀ကီလိုမီတာအကွာမှာ ဖြစ်ပွားခဲ့တာပဲ ဖြစ်ပါတယ်။ လီဂူရီယာနဲ့ တက်စ်ကန်နီဒေသကြီးနှစ်ခုကို ချိတ်ဆက်ပေးထားတဲ့ တံတားဖြစ်ပါတယ်။ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ မာဂရာမြစ်ပေါ်က တံတားဟာ မီတာ၄၀၀ရှည်ပြီး ၇-၈ပေလောက်မြင့်တယ်လို့ ဆိုပါတယ်။

တံတားနဲ့အနီးဆုံးမြို့ ကာပရီဂလီုယိုလာက ဒေသခံတွေကတော့ ဗုဒ္ဓဟူးနေ့နံနက်ခင်းက အင်္ဂတေအက်ကွဲသံနဲ့ မရှေးမနှောင်းမှာပဲ ပြိုလဲသံကြီးကို ကြားလိုက်ရတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ နို၀င်ဘာလတုန်းက ရာသီဥတုဆိုးရွားလာတဲ့အခါမှာ ဖြတ်သွားဖြတ်လာယာဉ်မောင်းတွေက တံတားမှာ အက်ကြောင်းရာပေါ်နေတာကို တာ၀န်ရှိသူတွေထံ သတင်းပို့ခဲ့ဖူးသေးတယ်လို့ ဆိုပါတယ်။
ဒါပေမယ့်လည်း အဲဒီတုန်းကို အင်ဂျင်နီယာတွေက တံတားကို ပြုပြင်ပြီး လုံခြုံစိတ်ချရပြီဖြစ်ကြောင်း အာမခံခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကိုရိုနာဗိုင်းရပ်စ်အရေးပေါ်အခြေအနေကြောင့် ယာဉ်အသွားအလာကြဲပါးနေတာကပဲ ဆိုးဆိုးရွားရွားမဖြစ်စေလို့ ကံကောင်းတာပါပဲ”လို့ အီတလီ ပြည်နယ်များသမဂ္ဂ UPIရဲ့ အကြီးအကဲ မီရှဲ ဒီ ပါစကဲက ပြောပါတယ်။

နိုင်ငံရဲ့ အခြေခံအဆောက်အအုံတွေဟာ ပြုပြင်ထိန်းသိမ်းဖို့ အရေးတကြီးလိုအပ်နေပြီဆိုတာကို ပြည်နယ်တွေက အတော်ကြာအောင် ပြောဆိုနေခဲ့ကြတယ်လို့လည်း ၄င်းက ပြောကြားပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : BBC