လူပေါင်း ၈၃၀၀၀ကျော် သေဆုံးခဲ့ပြီဖြစ်တဲ့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ရောဂါရဲ့ ဆိုးကျိုးဂယက်တွေက ကမ္ဘာနဲ့အ၀န်းစီးပွားရေးကို ကသောင်းကနင်းဖြစ်စေမှာမို့ လူဦးရေ သန်း၅၀၀လောက်ကို ဆင်းရဲတွင်းထဲ တွန်းပို့လိမ့်မယ်လို့ ကုသိုလ်ဖြစ် ပရဟိတအဖွဲ့ Oxfamက ဧပြီလ ၉ရက်နေ့ (ဒီနေ့)မှာ ပြောကြားလိုက်ပါတယ်။

လာမယ့်ရက်သတ္တပတ် နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)နဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ နှစ်ပတ်လည်အစည်းအဝေးမတိုင်မီ နိုင်ရိုဘီအခြေစိုက် ပရဟိတအဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ အိမ်ထောင်စု၀င်ငွေနဲ့ စားသုံးမှုတွေ ကြုံ့သွားတာကြောင့် ကမ္ဘာနဲ့အ၀န်းဆင်းရဲမွဲတေမှုပေါ် အကျပ်အတည်းရဲ့ ဂယက်ရိုက်သက်ရောက်နိုင်မှုအတိုင်းအတာကို တွက်ပြထားပါတယ်။

“မြန်မြန်ဆန်ဆန်ကြီး အထုပ်ဖြေပြလာမယ့် စီးပွားရေးအကျပ်အတည်းဟာ ၂၀၀၈ ကမ္ဘာ့ငွေကြေးအကျပ်အတည်းထက်ကို ပိုပြီး နက်နဲသည်းသန်ပါလိမ့်မယ်လို့ အစီရင်ခံစာက ဟောကိန်းထုတ်ထားပါတယ်။

“ခန့်မှန်းချက်တွေအရ ဘယ်လိုနောက်ခံမျိုးပဲ ရှိသည်ဖြစ်စေ၊ ကမ္ဘာနဲ့အ၀န်းဆင်းရဲမွဲတေမှုဟာ ၁၉၉၀ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးအကြိမ် တိုးမြင့်လာနိုင်ပါတယ်”လို့ အစီရင်ခံစာက ပြောကြားထားပါတယ်။ တချို့နိုင်ငံတွေကိုဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်လောက်က ဆင်းရဲမွဲတေတဲ့ အနေအထားဆီကို ပြန်ဆွဲချသွားလိမ့်မယ်လည်း အစီရင်ခံစာက ဆိုပါတယ်။

ဒီအစီရင်ခံစာကို ပြုစုသူတွေဟာ ဖြစ်ရပ်ပေါင်းအမြောက်အများကို လေ့လာခဲ့ကြသလို တစ်နေ့တစ်ဒေါ်လာ၀င်ငွေ ဒါမှမဟုတ် အဲဒီ့ပမာဏအောက်မှာ ရပ်တည်နေကြရတဲ့ အလွန်အမင်းဆင်းရဲမွဲတေမှုမှသည် တစ်နေ့ ၅.၅ဒေါ်လာလောက်နဲ့ ဆင်းရဲမျဉ်းအပေါ်တင်ရုံအထိ ကမ္ဘာ့ဘဏ်ရဲ့ ဆင်းရဲမျဉ်းအမျိုးမျိုးကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။

ပြင်းထန်သည်းသန်တဲ့ အခြေအနေမှာဆိုရင်တော့ ၀င်ငွေက ၂၀ရာခိုင်နှုန်း ကြုံ့၀င်သွားမှာမို့ အလွန်အမင်းဆင်းရဲမျဉ်းပေါ်မှာ နေထိုင်ကြရသူအရေအတွက်ဟာ ကမ္ဘာနဲ့အ၀န်းမှာ ၄၃၄သန်းတိုးလာလို့ ၉၂၂သန်းအထိ ဖြစ်လာနိုင်တယ်လို့ဆိုပါတယ်။ အလားတူအခြေအနေမှာပဲ တစ်နေ့ ၅.၅ဒေါ်လာနဲ့ နေထိုင်ကြရသူအရေအတွက်ဟာလည်း ၅၈၄သန်းတိုးလာပြီး သန်း၄၀၀၀နီးပါးအထိ ဖြစ်လာနိုင်တယ်လို့ ဆိုပါတယ်။

မဆိုစလောက် အလုပ်အခွင့်အလမ်းကလေးတွေနဲ့ ပုံမှန်မဟုတ်တဲ့ စီးပွားရေးတွေမှာ အလုပ်လုပ်နေရတဲ့ အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုထိခိုက်နိုင်တယ်လို့ ဆိုပါတယ်။

Writer_နေဇင်ထွန်း ( XYZ News )
Source : Reuters