ဘင်ဂျမင် အိုက်ဒူးရဲ့ အခေါင်းထမ်းသမားတွေဟာ အခေါင်းထမ်းရုံသက်သက်ထက် ပိုကြပါတယ်။ သူတို့က အခေါင်းထမ်းခြင်းအလုပ်ကို ပိုပြီးမြင့်မားတဲ့ အဆင့်တစ်ဆင့်ကို ရောက်အောင် တွန်းတင်လိုက်ကြတာပါ။ ဘာဖြစ်လို့လဲဆိုတော့ သေလွန်သူရဲ့ နောက်ဆုံးခေါင်းချရာနေရာအထိ လမ်းတလျှောက် ကသွားကြလို့ပါပဲ။ ဘီဘီစီရဲ့ မှတ်တမ်းဗီဒီယိုလေးထဲမှာတော့ အောင်မြင်တဲ့မိသားစုဆိုတာကို ပြသတဲ့နည်းလမ်းတစ်ခုအနေနဲ့ ဂါနာက ပူဆွေးသူတွေဟာ ပျော်စရာကောင်းတဲ့ ဈာပနအခမ်းအနားကို ပိုနှစ်သက်ကြတာလည်းရှိတယ်လို့ ဆိုပါတယ်။

အခေါင်းထမ်းကခြေသည်အဖွဲ့လို့ခေါ်တဲ့ ဒီအဖွဲ့ကို တည်ထောင်သူလည်းဖြစ်၊ ကိုယ်တိုင် ကခြေသည်နဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဘင်ဂျမင် အိုက်ဒူးဟာ ဒီလုပ်ငန်းကို ၂၀၁၀ခုနှစ်မှာ စတင်လုပ်ကိုင်လာခဲ့တာပဲ ဖြစ်ပါတယ်။ အင်တာဗျူးတစ်ခုမှာတော့ သူက အသုဘပို့တာကို အကလေးတွေ ပေါင်းထည့်ဖို့ အခမ်းအနားကို ပုံစံတစ်မျိုး ပေါင်းထည့်ဖို့ စိတ်ကူးရလာတယ်လို့ ဆိုပါတယ်။ သူက သူ့ဖောက်သည်တွေကို “အသုဘကို ရိုးရိုးပဲ ပို့ချင်သလား။ ပိုပြီး ကြည့်ချင်စဖွယ်ဖြစ်အောင် လုပ်ချင်လား။ အကလေးပါ ထည့်ချင်သလား”လို့ မေးလေ့ရှိတယ်လို့ ဆိုပါတယ်။

“လူတွေက ဈာပနကို ဘယ်လောက်အကုန်အကျခံပြီး လုပ်တယ်ဆိုတာမျိုး ကြွားချင်ကြတယ်။ စီဒစ် ၁၀၀၀၀အကုန်ခံတယ်ဆိုတာမျိုးပေါ့။ ဂါနာလူမျိုးတွေက အသက်ရှင်နေသူတွေထက် သေသူတွေကို ပိုဂရုစိုက်ကြတော့ ဘယ်လောက်ကုန်ကုန် အမှုမထားကြဘူး။ သေမှပဲ သူ့ကို ဘယ်လောက်ချစ်ကြတယ်ဆိုတာ သိကြတာမျိုးပါ”လို့ အိုက်ဒူးက ပြောပါတယ်။

နောက်ပိုင်းမှာတော့ ကခြေသည်အခေါင်းထမ်းသမားတွေဟာ တဖြည်းဖြည်းနာမည်ရလာပြီး သူတို့တွေဟာ ခြေထောက်တွေကို ကွေးညွတ်လိုက်၊ ချာချာလည်အောင် လှည့်လိုက် အခေါင်းကို လေထဲ ပစ်မြောက်လိုက်နဲ့ ကကြိုးကကွက်အစုံနဲ့ အခေါင်းကို ထမ်းသွားကြတာကို မြင်ကြရတယ်လို့ ဆိုပါတယ်။
အိုက်ဒူးကတော့ အသုဘရှင်တွေကို အခေါင်းထမ်းကပွဲတစ်ခုကို စီဒစ် ၂၂၀၀ (ကန်ဒေါ်လာ ၃၈၇) တောင်းခံတယ်လို့ ဆိုပါတယ်။ သူက ဂါနာက လူငယ် ယောကျ်ားမိန်းမ အယောက် ၁၀၀လောက်ကို အလုပ်ပေးထားနိုင်တယ်လို့ ဆိုပါတယ်။ သူက အလုပ်အကိုင်တွေ ဖန်တီးပေးရုံမကပါဘူး။ အကအဖွဲ့ရဲ့ ဝတ်စုံဖိုးတွေလည်း အကုန်ခံရပါသေးတယ်။

“ချစ်ခင်ရသူတစ်ယောက်ကို ဒီလူတွေက ခေါင်းချရာနေရာကို ကပြီးခေါ်သွားကြတာ။ ကျမအမေကိုလည်း သူမရဲ့ ဖန်ဆင်းရှင်ဆီ အကခရီးနဲ့ သွားစေချင်တယ်လေ”လို့ အမျိုးသမီးအသုဘရှင်တစ်ဦးဖြစ်တဲ့ အဲလိဇဘတ် အန်နန်က ပြောပါတယ်။ ဂါနာမှာတော့ အသုဘထုံးစံတွေကို ပွဲကြီးလမ်းကြီးအဖြစ် သတ်မှတ် ကျင်းပနေကြတာပါ။ အစားအသောက် အဖျော်ယမကာ၊ နေရာ၊ ဒီဂျေ၊ တူရိယာအဖွဲ့၊ ဘောင်ချာ၊ ပိုစတာ၊ ဓာတ်ပုံဆရာ၊ ဗီဒီယိုရိုက်သူတွေ စသည်ဖြင့် အသုဘရှင်မိသားစုတွေက သေလွန်သူတွေကို နောက်ဆုံးနှုတ်ဆက်တာကို အမှတ်တရ ရိုက်ကူူးထားတတ်ကြပါတယ်။

The Denver Post ထဲက သုံးသပ်ချက်ဆောင်းပါးတစ်ပုဒ်ထဲမှာတော့ ဆောင်းပါးရှင် ဗစ်ကီ ဝါရာကိုက မိသားစုတွေက မတတ်နိုင်ရင် ဘဏ်တွေကတောင် ငွေချေးပြီး ကျင်းပကြတာမို့ ဂါနာမှာ ဈာပနတွေဟာ ဧရာမငွေယိုပေါက်ကြီးဖြစ်နေတယ်လို့ ပြောပါတယ်။  ဂါနာမှာ သေစရိတ်က မျက်လုံးပြူးစရာ မြင့်မားလွန်းနေတယ်လို့ ဆောင်းပါးမှာ ဖော်ပြထားပါတယ်။ ကနုတ်ပန်းတွေနဲ့ ခေါင်းတစ်လုံးတည်းက ၄၃၁ဒေါ်လာ၊ အလောင်းကို ရေခဲတိုက်ထဲ ထားပေးခက တစ်လကို ၆၉ဒေါ်လာ ရှိတယ်လို့ ဆိုပါတယ်။

ဒီနေ့ခေတ်မှာတော့ အင်တာနက်လောကသားတွေက သူတို့ပုံစံကို လိုက်လံတုပ နောက်ပြောင်နေကြလို့ ဂါနာက ကခြေသည် အခေါင်းထမ်းသမားတွေဟာ ဆိုရှယ်မီဒီယာမှာ ထင်ပေါ်ကျော်ကြားနေကြပြီီဖြစ််််ပါတယ် ။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Elite Readers

Ads