ကိုရိုနာဗိုင်းရပ်စ်ရောဂါ အခြေအနေတွေကြောင့် ကမ္ဘာ့နိုင်ငံတချို့မှာ Lockdown ချထားပြီး ဒီ lockdown ကို ချိုးဖောက် အပြင်ထွက်ဖို့အတွက် လူတချို့က ရူးကြောင်ကြောင်နည်းလမ်းတွေ အသုံးပြုခဲ့တာကို သတင်းမီဒီယာတွေမှာ မြင်တွေ့ခဲ့ရပါတယ်။

ဒီထဲမှာ ချုံပုတ်တွေထဲကနေ ပုန်းလျှိုးကွယ်လျှိုး သွားတာ၊ ရူးကြောင်ကြောင် ပုံစံတွေ ဝတ်ဆင်ခြယ်သပြီး အပြင်ထွက်တာတွေလည်း ပါဝင်ပါတယ်။

သူတို့အားလုံးထက် ထူးခြားတဲ့ဖြစ်စဉ်တခုဟာ မကြာသေးခင်က အိန္ဒိယနိုင်ငံမှာ ဖြစ်ပွားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံဟာ အီတလီလိုပဲ တနိုင်ငံလုံးကို Lockdown လုပ်ခဲ့တာကြောင့် နိုင်ငံသားများစွာဟာ သူတို့အိမ်နဲ့ဝေးတဲ့နေရာတွေမှာ ပိတ်မိခဲ့ကြပါတယ်။

အဲဒီထဲမှာ အသက် ၇၀ အရွယ်ဟာ ကင်ဒင်လဲ တယောက်အပါအဝင် ဖြစ်ပါတယ်။ ဟာကင်ဟာ အိန္ဒိယဘက်ခြမ်း ကတ်ရှ်မီးဒေသက ရွာတခုမှာ နေထိုင်သူဖြစ်ပြီးတော့ ဦးခေါင်း အသေးစားဒဏ်ရာကြောင့် ဂျာမူးက ဆေးရုံတခုမှာ ကုသမှုခံယူခဲ့ရပါတယ်။

ဂျာမူးဟာ သူ့အိမ်နဲ့ ကီလိုမီတာရာကျော်ဝေးကွာပြီး Lockdown ချတဲ့ထဲမှာလည်း ပါဝင်နေတာကြောင့် ဟာကင်ဟာ အိမ်မပြန်နိုင်ဘဲ ဖြစ်ခဲ့ရပါတယ်။

အိမ်အရမ်းပြန်ချင်နေတဲ့ ဟာကင်ကို လူနာတင်ယာဉ်မောင်းတဦးက အကြံတခုပေးခဲ့ပြီး အဲဒီအကြံမှာ ဟာကင်ကို လူသေအဖြစ် ဟန်ဆောင်ကာ စစ်ဆေးရေးဂိတ်တွေကို ဖြတ်ကျော်သွားဖို့ပဲ ဖြစ်ပါတယ်။

ဒီအကြံအစည်က အလုပ်ဖြစ်ခဲ့တယ်လို့ ပြောရမှာဖြစ်ပြီး ဟာကင်နဲ့ နောက်ထပ်လူသုံးဦးဟာ ပိတ်ဖြူတွေအောက်ကနေ လူသေတွေအဖြစ် ဟန်ဆောင်ကာ စစ်ဆေးရေးဂိတ်တော်တော်များများကို အောင်အောင်မြင်မြင်နဲ့ ဖြတ်ကျော်နိုင်ခဲ့တယ်လို့ ဟာကင် နေတဲ့ ပွန့်ချ်ရွာရဲ့ ရဲတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

ဒီလိုဖြစ်အောင်လည်း လူနာတင်ယာဉ်မောင်းက ဆေးရုံကနေ သေစာရင်းအတုတွေ ရအောင် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့အိမ်မရောက်ခင် နောက်ဆုံး စစ်ဆေးရေးဂိတ်မှာတော့ ဟာကင်တို့ကားကို တာဝန်ရှိသူတွေက သေသေချာချာ စစ်ဆေးခဲ့ပြီး ပိတ်ဖြူပတ်ထားတဲ့ အလောင်းတွေဟာ အသက်ရှင်နေသေးဆဲ ဖြစ်တာကို တွေ့ခဲ့ရပါတယ်။

အဲဒီနောက်မှာတော့ သူတို့အားလုံးကို ဖမ်းဆီးခဲ့ပြီး သီးသန့်ခွဲခြား နေထိုင်စေခဲ့ပါတယ်။ ဒါ့အပြင် သူတို့ကို အစိုးရရဲ့တားမြစ်ချက်ကို ချိုးဖောက်ခြင်းအတွက်လည်း တရားစွဲဆိုထားတယ်လို့ သိရပါတယ်။