အစိုးရကို မကျေနပ်တဲ့အခါ သင် ဘာလုပ်မလဲ။ ဖေ့စ်ဘုတ်မှာ ပို့စ်တင်ပြီး ဖောင်းထုမှာလား။ အဲဒီနည်းက တကယ်ရော ဟန်ကျရဲ့လား။ ကိုလိုရာဒိုပြည်နယ်၊ ဂရန်ဘီက ဒီငနဲကတော့ တစ်ဘာသာပါ။ သူက သူ့ဖာသာ အိမ်လုပ်တင့်ကားတစ်စီးဆင်ပြီး အစိုးရပိုင်အဆောက်အဦးတွေကို မည်းမည်းမြင်ရာ နင်းခြေဖျက်စီးပစ်တာပဲ ဖြစ်ပါတယ်။ အစိုးရရဲ့စီမံကိန်းတွေကြောင့်  ဆိုးကျိုးတွေခံစားနေရကြောင်််း နှစ်များစွာ ဆန့်ကျင်ကန့်ကွက်၊ အသနားခံ၊ အစည်းအဝေးတွေမှာ အာပေါက်အောင် ပြောခဲ့ပြီးနောက်မှာ မာဗင်ဂျွန် ဟီးမေယာတစ်ယောက်ဟာ သူဟာ အစိုးရယန္တရားအတွင်းက ခြစားမှုရဲ့ သားကောင်ဖြစ်နေတယ်လို့ ခံစားလာရပါတယ်။ သူ့မာဖလာဆိုင်ကလေးကလည်း ရာသီဥတုဇုံတွေပြောင်းသွားလို့ အရှုံးပေါ်လာ၊ ငွေမရှိတော့ အမှုလည်း ရှုံးတော့တာပါပဲ။

နောက်ဆုံးတော့ သူဟာ အမှုကို ဆက်မခုခံတော့ဘဲ သူ့မြေကလေးကို ရောင်းပစ်လိုက်ပါတော့တယ်။ ဟီးမေယာဟာ ချောင်ကလောင်ထဲက အလုပ်ရုံကလေးထဲမှာပဲ တကုတ်ကုတ်နဲ့ ကိုမတ်ဆု D355A ဘူဒိုဇာတစ်လုံးကို ဆင်နေခဲ့ပါတယ်။ မောင်းခန်း၊ အင်ဂျင်နဲ့ အစိတ်အပိုင်းတွေကို ကွန်ကရစ်နဲ့ စတီးကပလိတ်ပြားတွေအုပ်ပြီး တစ်ပေအထူ သံချပ်ပလိတ်ပြားကြီးတွေလည်း တပ်ပါတယ်။ လေးဘက်လေးတန် ရိုင်ဖယ်သေနက်တွေလည်း တပ်ပါတယ်။

စစ်ယန္တရားကြီးရဲ့ ကိုယ်ထည်ထဲက အပြင်ကို မြင်နိုင်အောင် ရှေ့ကင်မရာ နောက်ကင်မရာတွေလည်း တပ်ပါတယ်။ တစ်နှစ်ခွဲလောက်ကြာတော့ ဘူဒိုဇာက ပြီးစီးသွားပါတယ်။  သူဟာ ပထမဆုံး မြို့တော်ခန်းမကို တိုက်ခိုက်ပါတယ်။ ပြီးတော့ ရဲစခန်း။ နောက်တော့ မြို့တော်ဝန်ဟောင်းရဲ့အိမ်။ နယ်မြေခံရဲတပ်ဖွဲ့ကို အကြောင်းကြားလို့ သေနက်တွေနဲ့ပစ်၊ ဗုံးတွေခွဲကြပေမယ့်လည်း ဒီလက်ဖြစ်တင့်ကားကြီးကို ရပ်တန့်ပစ်ဖို့ မဖြစ်နိုင်ဘူးဆိုတာ သဘောပေါက်လာကြပါတယ်။

ဗီဒီယိုထဲမှာ မြင်ရတဲ့အတိုင်းပါပဲ။ မည်းမည်းမြင်ရာ နင်းခြေဖျက်စီးမှုဟာ နောက်ဆုံးမှာ အင်ဂျင်ချွတ်ယွင်းသွားလို့ ထိုးရပ်သွားတော့ ဟီးမေယာဟာ အာဏာပိုင်တွေက သူ့ကို မဖမ်းဆီးမီမှာပဲ သူ့ဖာသာဆင်ထားတဲ့သေနက်နဲ့ သူ့ကိုယ်သူ ပစ်သတ်သွားခဲ့ပါတယ်။  ဟီးမေယာက ဖြစ်စဉ်တစ်ခုလုံးကို မှတ်စုတွေ အသံတွေနဲ့ မှတ်တမ်းတင်ထားပါတယ်။ အသံဖိုင်တစ်ခုထဲမှာ သူက အခုလို ပြောထားပါတယ်။

“ခင်ဗျားရဲ့ ဒေါသ၊ မနာလိုစိတ်နဲ့ မုန်းတီးမှုကြောင့်ပဲ ခင်ဗျားက ကျုပ်နဲ့ အလုပ်မလုပ်တော့ဘူး။ ကျုပ်ဘဝကျုပ် စတေးတော့မယ်။ ကျုပ်အနာဂတ်ကို ခင်ဗျား ဖျက်စီးခဲ့တယ်။ ခင်ဗျားလုပ်ခဲ့တာ မှားယွင်းတယ်ဆိုတာ သက်သေပြရမယ်” တခြားမှတ်စုတစ်ခုမှာလည်း ဟီးမေယာက အခုလို ရေးသားထားပါတယ်။  “ဘယ်သူမှ ပရမ်းပတာမဖြစ်ချင်ဘူး။ အသိတရားရှိရှိနေချင်ကြတာချည်းပဲ။ တခါတရံမှာ ကျိုးကြောင်းဆင်ခြင်တတ်သူတောင်မှ မိုက်မဲတတ်တာပါပဲ” သူလုပ်တာကို ထောက်ခံနေတာမဟုတ်ပါဘူး။ ဘယ်ဖက်ကကြည့်ကြည့် သူ့လုပ်ရပ်က မှားယွင်းနေပါတယ်။ ဒါပေမယ့်လည်း လူတစ်ယောက်ဟာ အရာရာကို ဆုံးရှုံးသွားပြီး စနစ်ယန္တရားကြီးတစ်ခုလုံးကို မုန်းတီးသွားပြီဆိုရင်တော့ ဒီလိုမျိုးတွေ ဖြစ်လာနိုင်တယ်ဆိုတာ ဆင်ခြင်စရာပါပဲ။

Writer_ နေဇင်ထွန်း ( XYZ News )
Source : Elite Readers

Ads