အိန္ဒိယအာဏာပိုင်တွေဟာ မြောက်ပိုင်း ပန်ဂျပ်ပြည်နယ်မှာ လူတစ်ဦးတစ်ယောက်တည်းဆီကနေ Covid-19 ကူးစက်ပျံ့ပွားလာပြီးတဲ့နောက်မှာ ကျေးရွာနှစ်ဆယ်မှာ မှီတင်းနေထိုင်သူ ၄၀၀၀၀ လောက်ကို ရောဂါခြေချုပ်နဲ့ စောင့်ကြည့်နေရတယ်လို့ ဆိုပါတယ်။  အဆိုပါ အသက် ၇၀အရွယ် အမျိုးသားဟာ ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးသွားခဲ့ပေမယ့်လည်း သေဆုံးပြီးနောက်မှသာ ကူးစက်ခံနေရကြောင်းကို သိရှိရတာဖြစ်တယ်လို့ ဆိုပါတယ်။  တရားဟောဆရာတစ်ဦးဖြစ်တဲ့ အဆိုပါအမျိုးသားဟာ အီတလီနဲ့ ဂျာမနီက ပြန်လာပေမယ့်လည်း မိမိဖာသာ ရောဂါခြေချုပ်နေဖို့ အကြံပြုချက်ကို လျစ်လျူရှုခဲ့တယ်လို့ ဘီဘီစီရဲ့ ပန်ဂျပ်သတင်းထောက်က ပြောပါတယ်။

အခုအချိန်အထိ အိန္ဒိယမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း ဓာတ်ခွဲအတည်ပြုလူနာ ၆၄၀ဦးရှိရာမှာ ၃၀ဦးက ပန်ဂျပ်ပြည်နယ်က ဖြစ်တယ်လို့ ဆိုပါတယ်။  ဒါပေမယ့်လည်း စွမ်းဆောင်ရည်ကို မြှင့်တင်ဖို့ကြိုးစားနေပေမယ့်လည်း အိန္ဒိယဟာ ကမ္ဘာမှာ စမ်းသပ်နိုင်မှုအား အနိမ့်ဆုံးဖြစ်နေတာကြောင့် ကူးစက်ခံရသူအရေအတွက်က တရားဝင်ထုတ်ပြန်ထားတာထက်ကို အများကြီး ပိုမြင့်မားနိုင်တယ်လို့ ဆိုပါတယ်။  လူဦးရေ ၁.၃ဘီလျံရှိတဲ့ နိုင်ငံကြီးမှာ ကူးစက်မှုဟာ ကပ်ဘေးအတိုင်းအတာအထိ ဖြစ်သွားနိုင်တာကြောင့် စိုးရိမ်နေကြပါတယ်။  ဘောဒေ့ ဆင်းလို့အမည်ရတဲ့ အဆိုပါအမျိုးသားဟာ မသေဆုံးခင်အချိန်ကလေးမှာ ဟိုလာ မိုဟာလာလို့ခေါ်တဲ့ ဆစ်ခ်ပွဲတော် ဆင်နွှဲရာ လူစုလူဝေးထံ သွားရောက်ခဲ့သေးတယ်လို့ ဆိုပါတယ်။

ခြောက်ရက်တာကျင်းပတဲ့ ဒီပွဲတော်မှာ နေ့စဉ် လူဦးရေ ၁၀၀၀၀လောက် ပါဝင်ဆင်နွှဲကြတယ်လို့ ဆိုပါတယ်။  သူသေဆုံးပြီး တစ်ပတ်အကြာမှာပဲ သူ့ဆွေမျိုး ၁၉ယောက်မှာလည်း ကူးစက်ခံနေရကြောင်း စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။  “အခုအချိန်အထိ သူနဲ့ တိုက်ရိုက်ထိတွေ့ခဲ့သူ ၅၀၀လောက်ကို ခြေရာခံမိထားပေမယ့်လည် အရေအတွက်က တိုးလာနေပါတယ်။ သူနေထိုင်ခဲ့ရာ နယ်မြေတဝိုက်က ရွာပေါင်း ၁၅ရွာကို ပိတ်ထားပါတယ်”လို့ အကြီးတန်းအာဏာပိုင်တစ်ဦးက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။  ဆက်စပ်နယ်မြေထဲက နောက်ထပ် ကျေးရွာ ၅ရွာကိုလည်း ပိတ်ထားတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အိန္ဒိယမှာ ရောဂါပိုးရှိသူနဲ့ ထိတွေ့မှုကြောင့် အစုလိုက်အပြုံလိုက် ရောဂါခြေချုပ်ချထားတာ ဒီတစ်ကြိမ်ဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။  မြောက်ပိုင်း ရာဂျက်စသန်ပြည်နယ်က အထည်အလိပ်လုပ်ငန်းမြို့တစ်မြို့ဖြစ်တဲ့ ဘီဝါရာမှာလည်း လူနာတစ်ယောက်ဆီက ကူးစက်ခံရတဲ့ ဆရာဝန်တစ်စုဆီကနေ ရာပေါင်းများစွာ ကူးစက်ခံလိုက်ရတယ်လို့ ဆိုပါတယ်။  မြို့နဲ့ အနီးတဝိုက် ရွာတွေက လူပေါင်း ၇၀၀၀လောက်ကို နေအိမ်ရောဂါခြေချုပ်ချထားရတယ်လို့ ဆိုပါတယ်။

အိန္ဒိယဟာ ၂၁ရက်တာပိတ်သိမ်းမှုကို ကြေညာထားပေမယ့်လည်း လူတွေကတော့ အစားအစာနဲ့ ဆေးဝါးလို မရှိမဖြစ်ပစ္စည်းတွေကို ဝယ်ယူဖို့အတွက် လွတ်လွတ်လပ်လပ် အပြင်ထွက်နေကြသေးတယ်လို့ ဆိုပါတယ်။

Ref; BBC News
Writer_Aung Moe ( XYZ News )