အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်ကတော့ ကားကုမ္ပဏီကြီး General Motors ကို ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် အသက်ရှူကိရိယာတွေ ထုတ်လုပ်ပေးဖို့ အမိန့်ပေးလိုက်သလို ကုမ္ပဏီရဲ့ စီအီးအိုကိုလည်း ဝေဖန်တိုက်ခိုက်လိုက်ပါတယ်။ ထရမ့်က ကိုရီးယားစစ်ပွဲကာလ ကာကွယ်ရေးပစ္စည်း ထုတ်လုပ်မှုအက်ဥပဒေကို ပြန်လည် ကျင့်သုံးလိုက်တာပဲ ဖြစ်ပြီး ဒီဥပဒေအရ သမ္မတဟာ ကုမ္ပဏီတွေကို နိုင်ငံတော်ကာကွယ်ရေးအတွက် ပစ္စည်းတွေ ထုတ်လုပ်ဖို့ အမိန့်ပေးပိုင်ခွင့်ရှိပါတယ်။

မစ္စတာထရမ့်ကတော့ GM ဟာ အချိန်ဖြုန်းနေတာဖြစ်ပြီး အမေရိကန်တွေရဲ့ အသက်တွေကို ကယ်တင်ဖို့ တစ်ခုခုလုပ်ဖို့ လိုအပ်နေတယ်လို့ ပြောကြားလိုက်ပါတယ်။  အမေရိကန်ပြည်ထောင်စုမှာ အခုဆိုရင် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၁၀၄၀၀၀ရှိသွားပြီဖြစ်လို့ ကမ္ဘာမှာ အများဆုံးဖြစ်နေပါတယ်။
ဒါပေမယ့်လည်း သေဆုံးတဲ့အရေအတွက်က ၁၇၀၀ပဲ ရှိသေးလို့ အမေရိကရဲ့ Covid-19 ကြောင့် သေဆုံးမှုဟာ အီတလီနဲ့ တရုတ်ရဲ့နောက် ခပ်လှမ်းလှမ်းမှာပဲ ရှိနေပါသေးတယ်။

အရင်ကတော့ မစ္စတာထရမ့်က ကုမ္ပဏီတွေက သူတို့သဘောဆန္ဒအလျောက် ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ ကူညီနိုင်အောင် စက်ရုံတွေကို ပြောင်းလဲပစ်နေတာကြောင့် ကာကွယ်ရေးမိန့်ဟာ မလိုအပ်ဘူးလို့ ပြောကြားခဲ့ပါတယ်။  ဒါပေမယ့်လည်း သောကြာနေ့က ကြေညာချက်တစ်ခုမှာတော့ ဗိုင်းရပ်စ်က အရေးကြီးသည်းသန်နေပြီလို့ ပြောကြားခဲ့ပါတယ်။  သောကြာနေ့အစောပိုင်းကပဲ ထရမ့်က တွစ်တာမှာ GMက သူတို့ ကတိပြုထားတဲ့ အသက်ရှူကိရိယာအရေအတွက် ၄၀၀၀၀ကနေ ၆၀၀၀ ကိုလျှော့ပစ်လိုက်တယ်။ သူတို့က ဈေးကို အမြင့်ဆုံးလိုချင်နေတယ်လို့ ပြောကြားလိုက်ပါတယ်။
ဒါ့အပြင် ထရမ့််က GM စီအီးအို မေရီ ဘာရာကိုလည်း ဒက်ထရွက်ကားကုမ္ပဏီရဲ့ ပဲ့ကိုင်နေရာမှာ သူမရှိနေတာဟာ ရှုပ်ထွေးစရာ အကြောင်းတစ်ခုပဲလို့ ပြစ်တင်ဝေဖန်လိုက်ပါတယ်။

GMက သောကြာနေ့ကပဲ ဧပြီလက စတင်ပြီး တစ်လကို အသက်ရှူကိရိယာ အနည်းဆုံး ၁၀၀၀၀ ထုတ်လုပ်ပေးနိုင်တယ်လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Ref ; BBC News
Writer_Aung Moe ( XYZ News )