မြင့်မားလာတဲ့ ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားပျံ့နှံ့မှုကို တိုက်ဖျက်ရေးအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်အစိုးရဟာ လက်ဆေးရည်နဲ့ အသက်ရှူကိရိယာလို့ အခြေခံလိုအပ်ပစ္စည်းတွေကို ပေးကြ၊ ရောင်းချဖို့ ကမ္ဘာ့တစ်လွှားက နိုင်ငံတွေကို မေတ္တာရပ်ခံပါတယ်။
CNN က ရရှိတဲ့ စာရင်းမှာ နိုင်ငံခြားရေးဝန်ကြီးဌာနဟာ သံတမန်တွေကို ၎င်းတို့ တာဝန်ထမ်းနေရာ နိုင်ငံတွေက အထောက်အပံ့တွေကို တောင်းခံဖို့ တိုက်တွန်းထားပါတယ်။ ဒီလို ကူညီဖို့ ကမ်းလှမ်းတဲ့ ပစ္စည်းပေါင်း ၂၅ မျိုး ရှိပြီး ဒီကနေ့ ရရမယ့် ဦးစားပေးစာရင်း၊ ဒုတိယဦးစားပေးနဲ့ သီတင်းပတ်တွေအတွင်း ရမှ ဖြစ်မယ်ပစ္စည်းတွေဆိုပြီး စာရင်းပေး တောင်းဆိုခိုင်းထားတာ ဖြစ်ပါတယ်။

ခုလို မေတ္တာရပ်ခံလာတာဟာ သမ္မတ ထရမ့်က ကိုရိုနာဗိုင်းရပ်စ်အရေး ၎င်းရဲ့ ပြည်တွင်း တုံ့ပြန်မှု အမွှမ်းတင်ပြောဆိုပြီး ရုန်းကန်နေရတဲ့ ပြည်နယ်တွေနဲ့ ဆေးရုံတွေကို ဆေးဝါးထောက်ကူပစ္စည်းတွေ ပေးပို့ထောက်ပံ့နိုင်မယ့် ကာကွယ်ရေးထုတ်လုပ်မှု အက်ဥပဒေကို အပြည့်အဝ အသုံးချဖို့ ငြင်းဆန်ပြီးနောက်ပိုင်း ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။ နိုင်ငံပေါင်း ဘယ်နှနိုင်ငံကို မေတ္တာရပ်ခံခဲ့သလဲဆိုတာကိုတော့ မသိရသေးပါ။

အဆိုပါ စာရင်းပါ ပစ္စည်းတွေဟာ ဆေးရုံတွေမှာ အသည်းအသန်လိုအပ်နေရာတွေပဲ ဖြစ်ပါတယ်။ ဇီဝပိုးသတ်အိတ်တွေ၊ N-95 masks တွေ၊ လက်အိတ်တွေ၊ ဝတ်ရုံတွေ၊ ဆေးဝါးဦးထုတ်တွေ၊ ဖိနပ်ကာတွေ၊ ဘူးတွေ၊ မျက်စိကာတွေ၊ လက်ဆေးရည်တွေ စတဲ့ ပစ္စည်းတွေ စာရင်းမှာ ပါရှိပါတယ်။
ဆေးဝါးထောက်ကူပစ္စည်းတွေ ထောက်ပံ့ပေးနိုင်မလားဆိုပြီး သမ္မတ ထရမ့်က တောင်ကိုရီးယားသမ္မတ မွန်ဂျေးအင်းကို ကိုယ်တိုင်ကိုယ်ကျ မေတ္တာရပ်ခံခဲ့တယ်လို့ တောင်ကိုရီးယားအစိုးရက ပြောပါတယ်။

အမေရိကန်အစိုးရအနေနဲ့ ခုလို မေတ္တာရပ်ခံလာတာဟာ ထရမ့်က လူသိရှင်ကြား ဆန့်ကျင်ဖက်ကြွေးကြော်သံ ဟစ်ထားတဲ့အချိန်မှာပဲ ဖြစ်ပါတယ်။ တောင်ကိုရီးယား ခေါင်းဆောင်ဆီ မေတ္တာရပ်ခံပြီး မကြာခင်အချိန်မှာပဲ အိမ်ဖြူတော်မှာ အင်္ဂါနေ့က ကိုရိုနာဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထရမ့်ဟာ သူရဲ့ ပင်ကိုစရိုက်အတိုင်း “အမေရိကန်ဟာ ဘယ်တော့မှာ ထောက်ပံ့ခံနိုင်ငံဖြစ်မှာ မဟုတ်ဘူး။”ဆိုပြီး ပြောခဲ့တာ ဖြစ်ပါတယ်။
Rf; CNN
မောင်သံဆင့်(XYZ News)