ဗိုက်ရစ်ချဲလန့်ဆိုပြီး အများသုံးအိမ်သာကမုတ်ကို လျှာနဲ့ လျက်တဲ့ တွစ်တာဆယ်လီ လာ့ဇ်ဆိုသူဟာ ရက်အနည်းငယ်အတွင်းမှာပဲ ကိုရိုနာကူးစက်ခံရလို့ ဆေးရုံတက်နေရပြီလို့ သူ့ ဖလောဝါတွေကို အသိပေးခဲ့ရပါတယ်။

အသက် ၂၁ အရွယ် ကယ်လီဖိုးနီးယားက လာ့ဇ်ဟာ “ကျွန်တော်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရပါပြီ။”လို့ တွစ်တာမှာ ရေးသားခဲ့ကြောင်း Daily Mail က ဖော်ပြခဲ့ပေမယ့် သူ့ရဲ့ တွစ်တာအကောင့်ဟာ နောက်ပိုင်း ရပ်ဆိုင်းခံထားရပါတယ်။

သူဟာ အင်စတာဂရမ်အကောင့်မှာလည်း ဆေးရုံအိပ်ရာပေါ် ဆေးသွင်းခံပြီး လှဲလျောင်းနေတဲ့ ဓာတ်ပုံကို တင်ခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်စိန်ခေါ်ပွဲဟာ တစ်တော့နဲ့ အင်စတာဂရမ် ဆယ်လီ အေဗာလူစီကနေ စတင်လိုက်တာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးဖြစ်တဲ့ အေဗာဟာ လေယာဉ်ပေါ်က အိမ်သာကမုတ်ကို လျှာနဲ့ လျက်ပြရင်း “ဒါဟာ လေယာဉ်ပေါ်က အိမ်သာပဲ ဖြစ်တယ်။”လို့ ရေးသားခဲ့ပါတယ်။
ခုလို ခပ်ကြမ်းကြမ်း လုပ်လိုက်တာဟာ သူ့ထက် ကိုရိုနာဗိုင်းရပ်စ်ကို လူတွေ ပိုစိတ်ဝင်စားတာ မလိုချင်လို့ ဖြစ်တယ်လို့ အေဗာက Insider သို့ ပြောပါတယ်။ အလှပဂေးတွေဟာ ဘာတွေပဲ ဖြစ်ဖြစ် ပြန်လည်လန်းလာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

နောက်ဗီဒီယိုတစ်ခုမှာလည်း အေဗာက “ကျွန်မ အိမ်သာကို လျက်ပြီးပြီ၊ အခု သမ္မတ ယှဉ်ပြိုင်တော့မယ်။”လို့ ပြောထားပြန်ပါတယ်။
“ရှင်တို့အားလုံး အသုံးမကျတဲ့ အရူးတွေ။ ကိုရိုနာဗိုင်းရပ်စ်ကိုပဲ ရေးကြီးခွင်ကျယ်လုပ်နေတဲ့ တိုင်းပြည်ဖျက်ဆီးနေသူတွေ၊ စီးပွားရေးကို ဖျက်ဆီးနေတဲ့ ငတုံးတွေပဲ။”လို့ အေဗာက ပြောခဲ့ပါတယ်။
Rf; Insider
မောင်သံဆင့်(XYZ News)