ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ပစ်ဖို့အတွက် သောကြာနေ့က ကြေညာလိုက်တဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေအရ ရည်ရွယ်ချက်နဲ့ လူတစ်ယောက်အနားကို တမင်တကာ တိုးကပ်သွားတဲ့ စင်ကာပူနိုင်ငံသားတွေကို ထောင်၆လနဲ့အထက်အထိ ပြစ်ဒဏ်ချမှတ်တော့မှာဖြစ်တယ်လို့ ဆိုပါတယ်။
ဒီမြို့ပြနိုင်ငံဟာ ဗိုင်းရပ်စ်ကို ကိုင်တွယ်ထိန်းချုပ်ဖို့အတွက် ဆောင်ရန် ရှောင်ရန်တွေကို တသီတတန်းကြီး ထုတ်ပြန်လိုက်ရာမှာ ဘားတွေ၊ ရုပ်ရှင်ရုံတွေကိုလည်း ပိတ်ပစ်သလို၊ ပွဲကြီးလမ်းကြီးမှန်သမျှကိုလည်း တားမြစ်လိုက်ပါတယ်။ လူတွေ ခပ်ခွခွာနေကြအောင် တစ်ထစ်တိုးလိုက်တဲ့အနေနဲ့ ကူးစက်ရောဂါပျံ့နှံ့မှုကို ရပ်တန့်ရေး တစ်ကမ္ဘာလုံး သုံးနေကြတဲ့ မူအတိုင်း လူတစ်ယောက်နဲ့တစ်ယောက် တစ်မီတာအကွာထက်လျော့ပြီး နီးကပ်စွာနေမှုကို ပိတ်ပင်လိုက်တာပဲ ဖြစ်ပါတယ်။

အသစ်ထုတ်ပြန်လိုက်တဲ့ စည်းမျဉ်းတွေအရ လူတန်းထဲမှာ တစုံတစ်ယောက်အနားကို တမင်တကာ တိုးကပ်သွားခြင်း (သို့မဟုတ်) အများပြည်သူနေရာတွေမှာ တစ်ယောက်နဲ့ တစ်ယောက် တစ်မီတာ ( ၃ပေကျော််် ) အကွာထက်လျော့ပြီး ထိုင်နေခြင်းတွေကို တားမြစ်လိုက်တာပဲ ဖြစ်ပါတယ်။  ဒီစည်းမျဉ်းကို ချိုးဖောက်သူ မည်သူမဆို ထောင်ဒဏ် ၆လနဲ့အထက်အထိ ကျခံရနိုင်သလို ကန်ဒေါ်လာ ၇၀၀၀ ဒဏ်ငွေဆောင်ရနိုင်တယ်လို့ ဆိုပါတယ်။  စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့လည်း ထိုင်ခုံတွေကို ကြမ်းပြင်မှာ အသေမဟုတ်ဘဲ အနည်းဆုံး တစ်မီတာခြားပြီး နေရာချရတော့မှာပဲ ဖြစ်ပါတယ်။ တန်းစီတဲ့အခါမှာလည်း တစ်ဦးနဲ့တစ်ဦး တစ်မီတာခြားရမှာပဲ ဖြစ်ပါတယ်။

ဒီစည်းမျဉ်းတွေကို ချိုးဖောက်ကြောင်းတွေ့ရှိခဲ့ရင် မည်သူ့ကိုမဆို အပြစ်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။  အမှုအခင်းနည်းပါးပြီး တရားဥပဒေစိုးမိုးရေးကို တင်းတင်းကျပ်ကျပ်ကိုင်တွယ်တဲ့ စင်ကာပူဟာ ပြည်တော်ပြန်တွေက သယ်ဆောင်လာတာကြောင့် ကူးစက်မှု မြင့်တက်လာတဲ့အတွက် တင်းတင်းကျပ်ကျပ် ကန့်သတ်နေရပါတယ်။  ကျန်းမာရေးဝန်ကြီးဌာနက ယခုရက်သတ္တပတ်အစောပိုင်းက ပြောကြားရာမှာတော့ လှုပ်ရှားထိတွေ့မှုတွေကို အနည်းဆုံးဖြစ်အောင် ကန့်သတ်ဖို့အတွက် လုံခြုံဘေးကင်းတဲ့ အကွာအဝေးအထိ ခွာနေဖို့ကို ပြဌာန်းလိုက်ရတာဖြစ်တယ်လို့ ဆိုပါတယ်။

မြို့ြ့ပနိုင်ငံဟာ အခုအချိန် ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၆၈၃ယောက် ရှိလာခဲ့ပြီး ၂ယောက် သေဆုံးခဲ့ပြီဖြစ်ပေမယ့်လည်း လုံးဝမပိတ်သိမ်းရမယ့်အခြေအနေကို ရှောင်လွှဲနိုင်ခဲ့တဲ့အတွက် သူ့ရဲ့ ကိုင်တွယ်ပုံကို ကမ္ဘာနဲ့အဝန်းက ချီးမွမ်းနေကြပါတယ်။  အခုအချိန်အထိ ကမ္ဘာနဲ့အဝန်းမှာ လူပေါင်း သန်းဝက်လောက် ကူးစက်ခံနေရပြီဖြစ်ပြီး လူပေါင်း ၂၃၀၀၀ကျော် သေဆုံးခဲ့ရပြီပဲ ဖြစ်ပါတယ်။

Ref; Bangkok Post
Writer_Aung Moe ( XYZ News )

Ads