ကမ္ဘာတဝန်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၅ သိန်း ကျော်ရှိလာပြီး ဗိုင်းရပ်စ် ကာကွယ်ရေးဝတ်စုံ မလုံလောက်တာတွေ ကြုံတွေ့နေရတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အကြီးအကဲက မတ်လ ၂၇ ရက်မှာ သတိပေးလိုက်ပါတယ်။ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း WHO အကြီးအကဲ ဂတ်ဘရေအီးဆပ်စ်က ကိုရိုနာဗိုင်းရပ်စ်အတွက် ထိထိရောက်ရောက် မစမ်းသပ်ရသေးဘဲ ဆေးတွေ အသုံးပြုနေတာမျိုး မလုပ်ကြဖို့ကိုလည်း တိုက်တွန်းခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်သစ်ကို ၂၀၁၉ ဒီဇင်ဘာလတုန်းက တရုတ်နိုင်ငံမှာ စတင်တွေ့ရှိပေမယ့် အခုအခါမှာတော့ ကမ္ဘာ့နိုင်ငံနဲ့ဒေသပေါင်း ၂၀၂ ခုမှာ ကူးစက်ပျံ့နှံ့နေပါတယ်။

မတ်လ ၂၈ ရက် ညနေပိုင်းအထိ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြချက်အရ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၂,၁၄၆ ဦး သေဆုံးသူ ၂၇,၄၆၇ ဦး ရှိပြီး ပြန်ကောင်းလာသူ ၁၃၃၅၂၇ ဦး ရှိပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ အများဆုံးက အမေရိကန်နိုင်ငံဖြစ်ပြီး လူ ၁ သိန်း ကူးစက်ခံထားရပြီး သေဆုံးသူ ၁၇၀၄ ဦး၊ အီတလီနိုင်ငံကတော့ ကူးစက်ခံထားရသူ ၈၆၄၉၈ ဦးနဲ့ သေဆုံးသူက အများဆုံးဖြစ်ပြီး ၉၁၃၄- ဦးရှိပြီ ဖြစ်ပါတယ်။

ဒုတိယ သေဆုံးသူ အများဆုံးကတော့ စပိန် ဖြစ်ပြီး ၅၁၃၈ ဦးနဲ့ ကူးစက်ခံထားရသူ ၆၅၇၁၉ ဦး၊ တတိယ သေဆုံးသူအများဆုံးကတော့ တရုတ်နိုင်ငံဖြစ်ပြီး ၃၂၉၅ ဦးနဲ့ ကူးစက်ခံထားရသူ ၈၁၃၉၄ ဦးရှိတယ်လို့ Worldometer ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Mulitmedia Group ၏ တရားဝင်ခွင့်ပြုချက်ဖြင့် ဖော်ပြပါသည် )