ကိုရိုနာဗိုင်းရပ်စ်ကြောင့် တစ်နိုင်ငံလုံး ပိတ်သိမ်းမှုကို ဖီဆန်ချိုးဖောက်ပြီး ငါးမျှားထွက်တဲ့ ရဝမ်ဒါအမျိုးသားတစ်ယောက်ကို မိကျောင်းတစ်ကောင်က သတ်ဖြတ်စားသောက်ပစ်လိုက်တယ်လို့ ဒေသအာဏာပိုင်တစ်ယောက်က ဗုဒ္ဓဟူးနေ့က သတင်းမီဒီယာတွေကို ပြောကြားခဲ့ပါတယ်။ အခုအချိန်အထိ ရဝမ်ဒါနိုင်ငံမှာ လူ ၄၀ဦးထက်မနည်းကို ကူးစက်ထားပြီဖြစ်လို့ COVID-19 ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ဖို့အတွက် တနင်္ဂနွေနေ့ကပဲ နိုင်ငံရဲ့ လူဦးရေ ၁၂သန်းကျော်ကို မိမိတို့ရဲ့ အိမ်တွေမှာပဲ နေကြဖို့ အမိန့်ထုတ်ထားပါတယ်။

တောင်ပိုင်း ကာမုန်ယီခရိုင်ရဲ့ မြို့တော်ဝန် အဲလစ် ကာယီတက်စီက ပြောကြားရာမှာတော့ ဒီရင်နင့်ဖွယ်အဖြစ်ဆိုးဟာ ဗုဒ္ဓဟူးနေ့ နံနက်ခင်းက ညာဘာရွန်ဂိုမြစ်ထဲမှာ ဖြစ်ပွားခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ “သူက အိမ်တွင်းအောင်းစည်းမျဉ်းကို ချိုးဖောက်ခဲ့တာပါ။ ဗိုင်းရပ်စ်ကို တားဆီးဖို့ ပိတ်သိမ်းရေးလှုပ်ရှားမှုနဲ့ မပူးပေါင်းတဲ့ အနည်းငယ်ထဲက တစ်ယောက်ပါ”လို့ ကာယီတက်စီက ဘီဘီစီကို ပြောကြားခဲ့ပါတယ်။ မိကျောင်းအစားခံရသူရဲ့ နာမည်နဲ့ အသက်ကိုတော့ ထုတ်ပြန်ခြင်းမရှိပါဘူး။

ဒီအရှေ့အာဖရိကနိုင်ငံငယ်လေးဟာ ဒေသတွင်းမှာတော့ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှု အမြင့်မားဆုံးဖြစ်ပေမယ့် အခုအချိန်ထိ သေဆုံးတဲ့သတင်းတော့ မကြားမသိရသေးဘူးလို့ ဆိုပါတယ်။ ဆေးရုံတင်ထားရသူများမှာလည်း အခြေအနေတည်ငြိမ်နေပြီး တခြားလူနာများနှင့် မထိတွေ့နိုင်အောင် သီးခြားခွဲထားတယ်လို့ ရဝမ်ဒါ ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားပါတယ်။ ရက်သတ္တနှစ်ပတ်တာ ပိတ်သိမ်းရေလှုပ်ရှားမှုမှာ မရှိမဖြစ်မဟုတ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်သိမ်းထားပြီး မြို့တွေ ခရိုင်တွေကြား ကူးလူးမှုကိုလည်း တားမြစ်ထားသလို မလိုအပ်ဘဲ အိမ်အပြင်ထွက်တာကိုလည်း ကန့်သတ်ထားတဲ့အပြင် ကုန်စည်ကူူးလူးဖို့မှတစ်ပါး နယ်စပ်တွေကိုလည်း ပိတ်ထားပါတယ်။ နေရပ်ပြန်လာတဲ့ နိုင်ငံသားတွေကိုလည်း ၁၄ရက် ရောဂါခြေချုပ်နဲ့ စောင့်ကြည့်စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နောက်ဆုံးကိန်းဂဏန်းများအရ အခုအချိန်အထိ အာဖရိကမှာ Covid-19 အများဆုံး ကူးစက်ခံထားရတာက တောင်အာဖရိကနိုင်ငံဖြစ်ပြီး လူ၄၀၀ကျော် ကူးစက်ခံထားရကာ သူ့နောက်မှာမှ အီဂျစ်၊ အယ်လ်ဂျီးရီးယား၊ မော်ရိုကို၊ ဘာကီနာဖာဆိုနဲ့ ဆီနီဂေါတို့က အစဉ်အတိုင်း ကပ်လိုက်နေကြတယ်လို့ ဆိုပါတယ်။

Ref ; NewYourk Post
Writer_Aung Moe ( XYZ News )

Ads