ကိုရိုနာဗိုင်းရပ်စ် စိုးရိမ်သောကတွေကြောင့် ရုရှသမ္မတ ဗလာဒီမီယာ ပူတင်ဟာ သူ့ကို အာဏာမှာ မြဲနေစေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ပြောင်းလဲမှုကို ဆန္ဒမဲပေးဖို့ ဆိုင်းငံထားလိုက်ရပါတယ်။ မူလက လူထုဆန္ဒမဲပေးမှုကို ဧပြီ ၂၂ရက်နေ့မှာ ကျင်းပဖို့ စီစဉ်ထားပေမယ့်လည်း နောက်ပိုင်းမှပဲ ကျင်းပတော့မယ်လို့ ရွှေ့ဆိုင်းထားလိုက်တာပဲ ဖြစ်ပါတယ်။အဆိုပြထားတဲ့ ပြောင်းလဲမှုတွေထဲမှာ မစ္စတာပူတင်ကို နောက်တစ်ကြိမ် အရွေးခံခွင့် ပိတ်ပင်ထားတာကို ပယ်ဖျက်တာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ ဒီပြင်ဆင်ပြောင်းလဲမှုတွေကို ပါလီမန်နဲ့ ရုရှ ဖွဲ့စည်းပုံရုံးတော်က အတည်ပြုပြီးဖြစ်ပါတယ်။

ဒီပြင်ဆင်ပြောင်းလဲမှုတွေက လက်ရှိ စတုတ္ထသက်တမ်း ထမ်းဆောင်နေပြီး ရုရှနိုင်ငံရေးကို ဆယ်စုနှစ် နှစ်ခုလောက် လွှမ်းမိုးထားခဲ့တဲ့ မစ္စတာပူတင်ကို နောက်ထပ် ဆက်တိုက် သက်တမ်းနှစ်ခု ထမ်းဆောင်ခွင့်ရစေမှာပဲ ဖြစ်ပါတယ်။ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာပဲ ရုရှက ဗိုင်းရပ်စ်ပိုးတွေ့ရှိရတဲ့ လူနာနှစ်ဦး သေဆုံးသွားကြောင်း အတည်ပြုခဲ့ပါတယ်။ ၈၈နှစ်နဲ့ ၇၃နှစ်အရွယ် လူနာနှစ်ဦးဟာ တခြားရောဂါတွေလည်း ရှိနေတယ်လို့ Ria Novosti သတင်းဌာနက ပြောကြားပါတယ်။ ရုရှနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူပေါင်း ၆၅၈ယောက် ရှိနေပါတယ်။

“ပြည်သူတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံဘေးကင်းရေးက ပထမဦးစားပေးပါ။ ဒါ့ကြောင့် ဆန္ဒမဲပေးမှုကို နောက်တစ်ရက်ရက်အထိ ရွှေ့ဆိုင်းသင့်ပါတယ်”လို့ မစ္စတာပူတင်က ပြောကြားခဲ့ပါတယ်။ဒါ့အပြင် မစ္စတာပူတင်က ကူးစက်မှုကို နှေးကွေးသွားစေဖို့အတွက် ရုရှတွေဟာ နောက်ရက်သတ္တပတ်မှာ အလုပ်လုပ်မှာ မဟုတ်တော့ဘူးလို့လည်း ကြေညာလိုက်ပါတယ်။
ဒါပေမယ့်လည်း နိုင်ငံရဲ့ အရွယ်အစားကြောင့် ဗိုင်းရပ်စ် လုံးဝမပျံ့နှံ့အောင်တော့ တားဆီးဖို့ မဖြစ်နိုင်ဘူးလို့လည်း ၎င်းက သတိပေးလိုက်ပါတယ်။

Ref; BBC News
Writer_Aung Moe ( XYZ News )

Ads