ဝန်ကြီးချုပ် အယ်လ်ဘီနီ ကာတီကို အမတ်အများစုက အယုံအကြည်မရှိ မဲပေးခဲ့ကြတဲ့အတွက် ကိုဆိုဗိုအစိုးရဟာ ပြိုလဲသွားခဲ့ပြီဖြစ်ပါတယ်။ ဒီမဲခွဲမှုကို ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားမှုအပေါ် မစ္စတာ ကာတီရဲ့ ကိုင်တွင်ပုံကြောင့် ဒေါသထွက်နေတဲ့ ညွန့်ပေါင်းဖွဲ့ဖက်က ခေါ်ယူကျင်းပတာပဲ ဖြစ်ပါတယ်။အစိုးရအဖွဲ့ ကျမ်းသစ္စာကျိန်ဆိုပြီး နှစ်လအကြာမှာ ဒီလှုပ်ရှားမှု ပေါ်ပေါက်လာခဲ့တာပဲ ဖြစ်ပါတယ်။ ကူးစက်ရောဂါကြောင့် ရွေးကောက်ပွဲတွေ မကျင်းပနိုင်တဲ့အတွက် နိုင်ငံရေးအကျပ်အတည်းကို ဘယ်ပုံ ဖြေရှင်းမယ်ဆိုတာတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

ဆရာဝန်တွေကတော့ ရှင်းလင်းပြတ်သားတဲ့ ဦးတည်ချက်မရှိရင် ကိုဆိုဗိုရဲ့ ရံပုံငွေချို့တဲ့နေတဲ့ ကျန်းမာရေးစနစ်ကို ရောဂါက လွှမ်းမိုးသွားနိုင်တယ်လို့ သတိပေးထားခဲ့တာပဲ ဖြစ်ပါတယ်။ ဘော်လကန်နိုင်ငံလေးမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၀ဦးထက်မနည်းရှိနေပြီး တစ်ဦးသေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းထောက်တွေရဲ့ ပြောကြားချက်အရ ခေါင်းဆောင်တွေကို ဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို တိုက်ဖျက်ရေး အာရုံစိုက်စေချင်တဲ့ နိုင်ငံသားတွေဟာ နိုင်ငံရေးအကျပ်အတည်းကြောင့် ဒေါသထွက်နေကြတယ်လို့ ဆိုပါတယ်။ မြို့တော် ပရစ်တီနာမှာ နေထိုင်သူတွေဟာ ပိတ်သိမ်းမှုကြောင့် လမ်းပေါ်ထွက် ဆန္ဒပြပွဲတွေကို ပိတ်ပင်ထားတဲ့အတွက် ပဋိပက္ခအပေါ် သူတို့ရဲ့ စိတ်ပျက်မှုကို လသာဆောင်တွေကနေ ဒန်အိုးဒန်ခွက်တွေတီးပြီး ဖော်ပြကြတယ်လို့ ဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ပါလီမန်အပြင်ဘက်က လုံခြုံရေးဂိတ်ကို ကျော်ဖြတ်လာတဲ့ ဆန္ဒပြသူတစ်ယောက်ကတော့ အဝင်ပေါက်ဝမှာ ဆိုင်းဘုတ်တစ်ခုကို ကိုင်ဆောင်ထားခဲ့ရာမှာ ကိုဆိုဗိုမှာ အန္တရာယ်အကြီးဆုံး ကူးစက်ရောဂါက နိုင်ငံရေးပဲ ရှက်စရာကောင်းတယ်လို့ ရေးသားထားတယ်လို့ ဆိုပါတယ်။

ဆာဘီးယားကတော့ ခွက်ထွက်ကိုဆိုဗိုကို နိုင်ငံတစ်ခုအဖြစ် အသိအမှတ်မပြုဘဲ ရုရှရဲ့ ထောက်ခံမှုနဲ့ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းများ ဝင်ခွင့်ကိုလည်း ပိတ်ဆို့ထားပါတယ်။

Ref ; BBC News
Writer_Aung Moe ( XYZ News )

Ads