စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးတဲ့အရေအတွက်ဟာ တရုတ်နိုင်ငံရဲ့ တရားဝင်ထုတ်ပြန်တဲ့ ကိန်းဂဏန်းထက်တောင် ကျော်လွန်သွားခဲ့ပြီး ကမ္ဘာမှာ ဒုတိယအမြင့်ဆုံး ဖြစ်လာခဲ့ပါတယ်။  ၂၄နာရီအတွင်းမှာ ၇၃၈ယောက် သေဆုံးသွားခဲ့လို့ အီတလီရဲ့ တစ်နေ့တာအတွင်း သေဆုံးမှု ၆၈၃ယောက်ထက်တောင် မြင့်မားနေပြီး အခုအချိန်ထိ ၃၄၃၄ယောက် သေဆုံးသွားခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် တရုတ်က တရားဝင် ၃၂၈၅ယောက်လို့ ကြေညာထားရာမှာ အထိအနာဆုံးဖြစ်တဲ့ အီတလီကတော့ ၆၈၂၀ဦး သေဆုံးခဲ့ပြီဖြစ်ပါတယ်။

စပိန်နိုင်ငံမှာ ကူးစက်မှုနှုန်းက ၅ပုံတစ်ပုံ တိုးလာခဲ့ရာမှာ အခုဆိုရင် လူပေါင်း ၂၇၀၀၀နီးပါ ဆေးရုံမှာ ကုသမှုခံယူနေရတယ်လို့ ဆိုပါတယ်။ မက်ဒရစ်က အဆိုးရွားဆုံး ထိခိုက်ခံရတဲ့ ဒေသပဲဖြစ်ပြီး အရှေ့မြောက်ပိုင်းက ကတာလိုနီးယားမှာလည်း ကူးစက်ခံရသူအရေအတွက်က မြန်မြန်ဆန်ဆန်ကြီးကို တိုးလာနေတယ်လို့ ဆိုပါတယ်။ စပိန်ရဲ့ ဒုဝန်ကြီးချုပ် ကာမင်း ကယ်လ်ဗိုမှာ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း စမ်းသပ်တွေ့ရှိရတယ်လို့ အစိုးရက ပြောကြားပါတယ်တ။ အသက်ရှူလမ်းကြောင်း ရောဂါလက္ခဏာတွေ ပြလာတဲ့အတွက် သူမကို တနင်္ဂနွေနေ့က ဆေးရုံတင်လိုက်ရတယ်လို့ ဆိုပါတယ်။

လွှတ်တော်အမတ်တွေကတော့ နိုင်ငံရဲ့ အရေးပေါ်အခြေအနေကို ဧပြီ ၁၁ရက်အထိ နောက်ထပ် ရက်သတ္တနှစ်ပတ်အထိ တိုးမြှင့်ရေး မဲခွဲဆုံးဖြတ်မှာဖြစ်တယ်လို့ ဆိုပါတယ်။ မရှိမဖြစ်ပစ္စည်းတွေ၊ ဆေးဝါးနဲ့ အလုပ်အတွက်ကလွဲရင် လူတွေကို အိမ်အပြင်ထွက်ခွင့်ကို ပိတ်ပင်သွားတော့မှာပဲ ဖြစ်ပါတယ်။ ဂျွန်ဟော့ကင်းတက္ကသိုလ်က စုဆောင်းပြုစုထားတဲ့ အချက်အလက်တွေအရ ကမ္ဘာနဲ့အဝန်းမှာ ဗိုင်းရပ်စ်ကူးစက်ခံရသူပေါင်း ၄၆၀၀၀၀ရှိနေပြီး ၎င်းတို့အနက် ၂၀၀၀၀ကျော် သေဆုံးခဲ့ရကာ ၁၁၀၀၀၀ကျော်ကတော့ ပြန်လည်ကျန်းမာလာခဲ့တယ်လို့ ဆိုပါတယ်။

ကုလသမဂ္ဂကတော့ ဗုဒ္ဓဟူးနေ့ကပဲ ဗိုင်းရပ်စ်ဟာ လူသားမျိုးနွယ်တစ်ရပ်လုံးကို ခြိမ်းခြောက်နေတယ်ဆိုပြီး ကမ္ဘာ့အဆင်းရဲဆုံးပြည်သူတွေအတွငက် ကန်ဒေါ်လာ ၂ဘီလျံ ထည့်ဝင်ကြဖို့ မေတ္တာရပ်ခံလိုက်ပါတယ်။
“တစ်ကမ္ဘာလုံးက တစ်စည်းတစ်လုံးတည်း လုပ်ဆောင်ကြဖို့ အရေးကြီးပါတယ်။ တစ်နိုင်ငံချင်းစီက တုန့်ပြန်နေတာက မလုံလောက်ပါဘူး”လို့ ကုလထွေချုပ် အန်တိုနီယို ဂူတာရပ်စ်က ပြောကြားခဲ့ပါတယ်။

Ref;BBC News
Writer_Aung Moe ( XYZ News )

Ads