အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုအပေါ် တရုတ်ရဲ့ ကိုင်တွယ်ပုံကို ပြစ်တင်ဝေဖန်လိုက်ပြီး အာဏာရကွန်မြူနစ်ပါတီဟာ နောက်ထပ်ကူးစက်မှုတွေကို တားဆီးဖို့ရာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာကြီးကို ပေးဖို့ ငြင်းဆန်နေသေးတယ်လို့ ပြောကြားလိုက်ပါတယ်။
Washington Watch ရေဒီယိုပရိုဂရမ်နဲ့ အင်တာဗျူးရာမှာ ပွန်ပီယိုက တရုတ်က ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဝေမျှဖို့ ကြန့်ကြာနေတဲ့အတွက် ကမ္ဘာနဲ့အဝန်းက လူတွေ အန္တရာယ်ကြုံကြရပြီး အသက်ပေါင်းများစွာ ဆုံးရှုံးရတယ်လို့ ထပ်လောင်း စွပ်စွဲလိုက်ပြန်ပါတယ်။

 

“ကျနော်စိုးရိမ်နေတာက တရုတ်က ဒီလိုဖုံးဖုံးဖိဖိလုပ်နေပြီး နောက်ထပ်ကူးစက်မှုတွေ မဖြစ်အောင် ဒါမှမဟုတ် ဒီပုံစံမျိုး ထပ်ကျော့ဖြစ်မလာနိုင် တားဆီးဖို့ရာ လိုအပ်တဲ့ သတင်းအချက်အလက်တွေကို ကမ္ဘာကြီးကို အသိပေးဖို့ ငြင်းဆန်နေတာပါပဲ”လို့ ၎င်းက ထပ်လောင်း ပြောကြားခဲ့ပါတယ်။
ဒါ့အပြင် ပွန်ပီယိုက အီရန်နဲ့ ရုရှကိုလည်း ဗိုင်းရပ်စ်နဲ့ ပတ်သက်တဲ့ သတင်းအမှားတွေ ဖြန့်ဝေနေတယ်ဆိုပြီး စွပ်စွဲလိုက်ပါတယ်။

“တရုတ်လိုပဲ ရုရှနဲ့ အီရန်ဟာလည်း သတင်းအမှားတွေ ဆက်ဖြန့်နေကြပါတယ်။ သူတို့က ဒီဗိုင်းရပ်စ်က အမေရိကန်စစ်တပ်ကလာတယ်လို့ ပြောကြတယ်။ နောက်တစ်ခါ အီတလီမှာ စတယ်လို့ ဒေပြာကြပြန်တယ်။ ဒါတွေအားလုံးက ထမင်းရည်ပူ လျှာလွှဲလုပ်ကြတာပါ”လို့ ပွန်ပီယိုက ပြောကြားပါတယ်။
ပွန်ပီယိုက တရုတ်ကို ပြင်းပြင်းထန်ထန် ဝေဖန်တယ်ဆိုပေမယ့်လည်း သူအရင်က ထပ်တလဲလဲ ပြောခဲ့သလို တရုတ်ကို ဒေါသူပုန်ထစေတဲ့ တရုတ်ဗိုင်းရပ်စ်၊ ဝူဟန်ဗိုင်းရပ်စ်လို့ ပြောတာမျိုးကိုတော့ ရှောင်ကြဉ်သွားခဲ့ပါတယ်။

ဒါပမေယ့်လည်း အမှန်တကယ် ဘာတွေဖြစ်ပျက်နေတယ်ဆိုတာကို ကမ္ဘာကြီးက သိရဖို့ အရေးကြီးတယ်လို့လည်း ၎င်းက ထပ်လောင်းပြောကြားသွားခဲ့ပါတယ်။
“ဒါဟာ ဖြစ်နေဆဲ ကမ္ဘာလုံးအကျပ်အတည်းမို့ ကမ္ဘာ့အသိုင်းအဝိုင်းကြီးက ခြုံငုံချိတ်ဆက် အလုပ်လုပ်နိုင်အောင် နိုင်ငံအသီးသီးက ပွင့်လင်းမြင်သာရှိဖို့၊ အမှန်တကယ် ဖြစ်နေတဲ့အတိုင်း သတင်းအချက်အလက်မျှဝေဖို့ လိုပါတယ်”လို့လည်း ပွန်ပီယိုက ပြောကြားပါတယ်။
ဘေဂျင်းနဲ့ ကွန်မြူနစ်ပါတီကို အမြဲတမ်းဝေဖန်နေခဲ့တဲ့ ပွန်ပီယိုကတော့ အမေရိကန်-တရုတ်ဆက်ဆံရေးဟာ ဘယ်ပုံဖြစ်သင့်တယ်ဆိုတာက မဝေးလှတဲ့အနာဂတ်မှာ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေ ချသွားမှာဖြစ်တယ်လို့လည်း ပြောကြားပါတယ်။

Writer : AungMoe (XYZ News)

Ref : Reuter

Ads