အီရန်နိုင်ငံတောင်ပိုင်းက ရေပြင်ကို ချည်းကပ်လာပြီး သတိပေးချက်ကို မသိကျိုးကျွံပြုတဲ့ ကျုးကျော်လာတဲ့ F-18 တိုက်လေယာဉ်ကို အီရန်စစ်တပ် လေကြောင်းရန်ကာစနစ်က ဖမ်းယူထောက်လှမ်းခဲ့တဲ့ ဗီဒီယိုကို ထုတ်လွှင့်လိုက်တာကြောင့် အဲဒီ F-18 လေယာဉ်ကို ကြားဖြတ်ဖမ်းယူရာမှာ ဘယ်လို ရေဒါစနစ်ကို အီရန် သုံးခဲ့သလဲဆိုပြီး စစ်ရေးပါရဂူနဲ့ မီဒီယာတွေက ထင်ကြေးပေးလာကြပါတယ်။ဗီဒီယိုမှာ Boeint F-18 Super Hornet ဟာ အီရန်လေကြောင်းကာကွယ်ရေးကနေ သတိပေးချက်တွေ ရပြီးနောက် အီရန်တောင်ပိုင်း ဝေဟင်ကနေ လမ်းကြောင်းပြောင်းပြီး အဝေးပျံသန်းသွားခဲ့တာပါ။ အဲဒီ တိုက်လေယာဉ်ကို အီရန်တပ်တွေက သတိပေးပြီး လမ်းကြောင်း မပြောင်းရင် လေရန်ကာစနစ်ကနေ ပစ်မှတ်ထားပစ်ချမယ်လို့ သတိပေးခဲ့တာပါ။

အီရန်နှစ်သစ်ကူး အစဖြစ်တဲ့ မတ် ၂၀ မှာ ဖြစ်ပွားတဲ့ ဒီဖြစ်ရပ် ဗီဒီယိုကို အီရန် IRIB က မကြာသေးခင်က ထုတ်လွှင့်လိုက်တာ ဖြစ်ပါတယ်။

ဘန်ဒါဆိပ်ကမ်းမြို့အနီးက တောင်ပိုင်း အီရန်လေတပ်အခြေစိုက်စခန်းမှာ နိုင်ငံဝေဟင်ကို ရေဒါစနစ်တွေနဲ့ စောင့်ကြည့်ထောက်လှမ်းနေခဲ့တာ ဖြစ်ပေမယ့် စောင့်ကြည့်သူတွေကတော့ အခုလို F-18 လေယာဉ်ကို ထောက်လှမ်းဖမ်းမိတာဟာ အီရန်က ပြည်တွင်းမှာပဲ တည်ဆောက်တဲ့ Fat’h 14 ရေဒါစနစ်ကနေ ဖမ်းယူနိုင်ခဲ့တာ ဖြစ်မယ်လို့ ယူဆထားပါတယ်။

Fat’h 14 ရေဒါစနစ်ကို အီရန်ဟာ ၂၀၁၅ ခုနှစ်က ထုတ်ဖော်ပြသထားခဲ့တာပါ။ ဒီ ရေဒါဟာ အဝန်းအဝိုင်း ကီလိုမီတာ ၆၀၀ အထိ ဖမ်းယူထောက်လှမ်းနိုင်ပြီး ဝေဟင်အမြင့်က သေးငယ်တဲ့ လေယာဉ်တွေကိုတောင် ပစ်မှတ်ထားနိုင်ပါတယ်။

အခု ကျုးကျော်ဝင်ရောက်လာတဲ့ F-18 တိုက်လေယာဉ်ဟာ အမေရိကန်ပိုင် လေယာဉ်ဖြစ်မယ်လို့ ယူဆထားပေမယ့် အမေရိကန်ကတော့ ဒီသတင်းနဲ့ ပတ်သက်ပြီး ထင်မြင်ချက် ပေးခြင်း မရှိပါ။

ဒီ ဖြစ်ရပ်ဟာ အီရန်နိုင်ငံအနေနဲ့ ကိုရိုနာဗိုင်းရပ်စ်အရေး ရုန်းကန်ဖြေရှင်းနေရချိန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ပွန်ပီယိုက အီရန်အပေါ် ပြင်းထန်တဲ့ အရေးယူမှုတွေ ချမှတ်မယ်လို့ ပြောဆိုပြီးနောက်မှာ ဖြစ်ပေါ်လာတာပဲ ဖြစ်ပါတယ်။

Rf; PressTV
မောင်သံဆင့်(XYZ News)

Ads