ထိုင်းတွင် ကိုရိုနာဗိုင်းရပ်စ် လူနာ ၁၀၇ ဦးထပ်တွေ့၊ နိုင်ငံခြားသားဝင်ရောက်ခွင့် စပိတ်ပြီ

ထိုင်းနိုင်ငံတွင်း လာရောက်ကြမယ့် နိုင်ငံခြားသားတွေအတွက် လေကြောင်း၊ ရေကြောင်းနဲ့ နယ်စပ်အဝင် အထွက်ဂိတ်တွေအားလုံးကို ဒီကနေ့ စပိတ်လိုက်ပါတယ်။ဒါပေမဲ့ နေရပ်ပြန်ကြမယ့် ထိုင်းနိုင်ငံသားတွေ၊ နိုင်ငံတွင်းမှာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ရရှိထားတဲ့ နိုင်ငံခြားသားတွေနဲ့ သံအရာရှိတွေကိုတော့ ဝင်ရောက်ခွင့်ပြုမယ်လို့ ဆိုပါတယ်။ထိုင်းအစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ တစိတ်တပိုင်း ပိတ်ထားခဲ့တဲ့ ထိုင်းနယ်စပ်ဂိတ်တွေကိုလည်း မတ် ၂၆ ရက် စတင်ပိတ်သွားမှာ ဖြစ်ပါတယ်။

စက်ရုံတွေ၊ ဆေးရုံတွေ၊ ဘဏ်တွေ၊ အစိုးရရုံးတွေ၊ ပို့ဆောင်ဆက်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ဌာနတွေကတော့ ပုံမှန်အတိုင်းပဲ ဖွင့်လှစ်ထားရှိဦးမှာ ဖြစ်ပါတယ်။ခုလက်ရှိ ပြန့်ပွားနေတဲ့ ဗိုင်းရပ်စ်ကူးစက်မှုဟာ ၅ နှစ်အောက် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ကူးစက်ဖို့ ဖြစ်နိုင်ခြေများတာမို့ နေအိမ်တွေမှာ နေထိုင်ကြဖို့လည်း အကြံပြုထားပါတယ်။ဒေသတွင်းမှာတော့ ခရီးသွားလာမှုနဲ့ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာတာမျိုး မရှိသေးဘဲ ပြည်နယ်တွင်း ခရီးသွားလာမှုတွေကိုတော့ မဖြစ်မနေသွားရမယ့် ခရီးတွေကိုသာ သွားလာကြဖို့လည်း အကြံပြုထားပါတယ်။

ထိုင်းနိုင်ငံမှာ ပြင်းထန်အဆုတ်ရောင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း နောက်ထပ် ၁၀၇ ဦးတွေ့ရှိပြီး အဲဒီထဲမှာ လူနာတွေကို ပြုစုနေတဲ့ ဆရာဝန် ၂ ဦးပါဝင်တယ်လို့ ထိုင်းရတ်သတင်းမှာ ဖော်ပြပါတယ် ။ထိုင်းကျန်းမာရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ထဝီးဆင် ဝိစနုယိုးထင်းက မတ်လ ၂၅ ရက်နေ့ မနက် ကိုရိုနာရောဂါထိန်းချုပ်ကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းပွဲမှာ ခုလိုပြောကြားလိုက်တာပါ။ကိုရိုနာပိုးကူးစက်ခံရတဲ့ ဆရာဝန် ၂ ဦးဟာ နောက်ထပ်တွေ့ရှိတဲ့ ကူးစက်ခံ ရသူများစာရင်းထဲမှာပါဝင်ပြီး လူနာတွေနဲ့ နေ့စဉ်ထိတွေ့ကုသပေးနေတာ ဖြစ်ကြောင်း ၊ အခုလို ကူးစက်ခံရတာကတော့ သံသယရှိလူနာ ၁ ဦးဟာ သူ့ကျန်းမာရေးနဲ့ ပတ်သက်တဲ့ အချက်အလက်ကို ထိမ်ချန်ခဲ့တာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ လူနာဟာ သူ့ခင်ပွန်းက ဒီမတိုင်ခင် ကိုရိုနာကူးစက်ခံရသူတွေအများဆုံး တွေ့ရှိခဲ့တဲ့ ဘန်ကောက်လက်ဝှေ့ပွဲကို သွားရောက်ခဲ့တာကို ထိမ်ချန်ခဲ့ကြောင်း၊ ဒါကြောင့် ကူးစက်ခံရတဲ့ ဆရာဝန် ၂ ယောက်ဟာ မသိဘဲ ခွဲစိတ်ခန်းထဲ ဝင်ရောက် လုပ်ကိုင်ခဲ့သလို အခြား ဆေးရုံဝန်ထမ်းတွေနဲ့အတူ ထမင်းတူတူစားတာတွေ လုပ်ခဲ့တယ်လို့ ဒေါက်တာထဝီးဆင်က ဆက်ပြောပါတယ်။ဆရာဝန် ၂ ဦး ကိုယ်လက်မအီမသာဖြစ်လို့ ဆေးစစ်တော့မှ ကိုရိုနာ ကူးစက်ခံထားရတာ သိရှိကြောင်း၊ ဒါကြောင့် အဆိုပါ ဆရာဝန် ၂ ဦးရော သူတို့နဲ့အတူ နီးကပ်စွာရှိခဲ့တဲ့ ခွဲခန်းထဲက အခြား ဆရာဝန် ဆရာမ ၁၅ ဦးနဲ့ ကျန်းမာရေး ဝန်ထမ်း ၁၀ ဦးတို့ကို အလုပ်က ခေတ္တနားပြီး အိမ်မှာ အနားယူခိုင်းထားရတယ်လို့ ဆိုပါတယ်။

လက်ရှိ ထိုင်းနိုင်ငံမှာ ကိုရိုနာကူးစက်ခံရသူ စုစုပေါင်း ၉၃၄ ဦးရှိသွားပြီးဖြစ်ပြီး ရောဂါသက်သာလို့ ဆေးရုံက ဆင်းရသူ ၇၀ ဦး၊ ရောဂါပြင်းထန်လို့ အောက်စီဂျင်ပေးထားရသူ ၄ ဦး၊ ဆေးရုံမှာ တက်ရောက်ကုသနေသူပေါင်း ၈၆၀ ဦး ရှိတယ်လို့ ထိုင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်သွားပါတယ်။

( ယခုဖော်ပြပါသတင်းကို DVB Multimedia Group ၏ တရားဝင်ခွင့်ပြုချက်ဖြင့်ဖော်ပြပါသည်။ )

Ads

Type keyword to search