ကိုရိုနာဗိုင်းရပ်စ် တစ်ကမ္ဘာလုံး ကူးစက်ဖြစ်ပွားနေတာကို တားဆီးရန် ကြိုးစားအားထုတ်မှုတွေကြား မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ဆန်ရှင်တွေကို ဖြေလျှော့ပေးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲလ်ဘာ့ချယ်လက်က တိုက်တွန်းလိုက်ပါတယ်။ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ဝက်ဘ်ဆိုက်မှာ ဒေသစံတော်ချိန် အင်္ဂါနေ့က ဘာ့ချယ်လက်က ထုတ်ပြန်ချက်တစ်ရပ်အတွင်း မေတ္တာရပ်ခံရာမှာ မြောက်ကိုရီးယား၊ အီရန်နဲ့ ကျူးဘားတို့လို နိုင်ငံတွေကို ကိုရိုနာကပ်ဘေး ရင်ဆိုင်နေရတဲ့ နိုင်ငံတွေထဲ အပါအဝင်ဖြစ်တာကြောင့် လွတ်ငြိမ်းခွင့် ပေးသင့်တယ်လို့ ပြောဆိုထားပါတယ်။

“တကယ် သေရေးရှင်ရေး အချိန်မှာ ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေးအကြောင်းပြချက်ရယ်၊ အဲဒီ နိုင်ငံတွေက ပြည်သူ သန်းပေါင်းများစွာရဲ့ အခွင့်အရေးနဲ့ ဘဝအတွက် အထောက်အပံ့ပေးဖို့ ဆန်ရှင်တွေကို ဖြေလျှော့တာ၊ ရပ်ဆိုင်းတာမျိုး လုပ်ဆောင်သင့်ပါတယ်။”လို့ ၎င်းက ဆိုပါတယ်။

ဒီနိုင်ငံတွေဟာ ဆေးဖက်ဆိုင်ရာပစ္စည်းပစ္စယတွေ ချို့တဲ့တာကြောင့် အိမ်နီးချင်းတွေနဲ့ ကမ္ဘာအနှံ့ကို ပျံ့နှံ့သွားမယ့် ဘေး မြင့်မားစေတာကြောင့် COVID-19 ပျံ့နှံ့မှုကို တားဆီးရေး ဆေးဖက်ဆိုင်ရာ အားထုတ်မှုတွေမှာ ထိခိုက်စေမှာ ဖြစ်တယ်လို့လည်း ၎င်းက သတိပေးပါတယ်။

မြောက်ကိုရီးယားဟာ ခုချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်တာ မရှိသေးကြောင်း ထုတ်ပြန်ထားပြီး တင်းကျပ်တဲ့ နယ်စပ်ထိန်းချုပ်မှုတွေနဲ့ ပြင်းထန်တဲ့ ရောဂါခြေချုပ်တွေ ပြဋ္ဌာန်းကျင့်သုံးပြီး ဗိုင်းရပ်စ် တားဆီးကာကွယ်ရေးကို နိုင်ငံအနှံ့ တိုက်တိုက်တွန်းတွန်း ဆောင်ရွက်လျက် ရှိနေပါတယ်။

Rf; Bernama
Writer_ မောင်သံဆင့်(XYZ News)