အိန္ဒိယဟာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်ဖို့အတွက် တစ်နိုင်ငံလုံး ယန္တရားကို သွားလာလှုပ်ရှားမှုမရှိအောင် ပိတ်သိမ်းထားရာမှာ လူတွေကိုလည်း အိမ်တွင်းအောင်း ခိုင်းထားပါတယ်။ ဒါပေမယ့်လည်း လက်လုပ်လုပ်စား နေ့စားသမားတွေအတွက်တော့ မထောင်းတာလှပါဘူး။
နိုအီဒါက အလုပ်သမား ချောက်ဟာ သူ့လိုပဲ ဆောက်လုပ်ရေးလုပ်သားအဖြစ် အလုပ်အကိုင်ရှာဖွေနေသူ လူရာပေါင်းများစွာထဲက တစ်ယောက်ပဲ ဖြစ်ပါတယ်။
ဒေလီဆင်ခြေဖုံးဧရိယာက လမ်းပိုင်းကလေးတွေဟာ လမ်းဖောက်သူတွေက အလုပ်သမားငှားရမ်းလေ့ရှိတဲ့ နေရာတစ်ခုပဲ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ပိတ်သိမ်းကာလအစောပိုင်းမှာပဲ တနင်္ဂနွေနေ့က ချောက်တစ်ယောက် အဲဒီနေရာကို ရောက်သွားတဲ့အခါမှာ ထူးထူးခြားခြား တိတ်ဆိတ်နေပါတယ်။ ဘယ်လောက်တောင် တိတ်ဆိတ်နေသလဲဆိုရင် ဒီလောက်ဆူညံစည်ကားတဲ့နေရာမှာ ငှက်အော်သံတောင် ကြားရတဲ့အထိပါပဲတဲ့။

နောက်တော့ ထောင့်တစ်ထောင့်မှာ လူတစ်စုကို တွေ့လို့ လုံခြုံတဲ့အကွာအဝေးကနေ ပိတ်သိမ်းမှုကို လိုက်နာနေကြတာလားလို့ လှမ်းမေးလိုက်ပါတယ်။
အူတာပရာဒက်ရှ်ပြည်နယ်၊ ဘန်ဒါခရိုင်ကလာတဲ့ ရာမက်ရှ် ကူးမားကတော့ ဒီနေရာမှာ ငါတို့ကို ငှားရမ်းမယ့်သူ တစ်ယောက်မှ မရှိဘူး။ ပေါ်လာနိုးနဲ့ စောင့်နေကြတာလို့ ပြောပါတယ်။
“ကျနော်က တစ်နေ့ကို ရူပီး ၆၀၀ရပါတယ်။ လူ၅ယောက်ကို လုပ်ကိုင်ကျွေးမွေးနေရတယ်။ တစ်ရက်နှစ်ရက်အတွင်းမှာ စားစရာပြတ်တော့မယ်။ ကိုရိုနာဗိုင်းရပ်စ်က အန္တရာယ်ကြီးမှန်းသိပေမယ့်လည်း ကလေးတွေငတ်နေတာကို ကြည့်မနေနိုင်ဘူး”လို့ ချောက်က ပြောပါတယ်။

အိန္ဒိယမှာတော့ တခြားနေ့စားအလုပ်သမားတွေဟာလည်း အလားတူအခြေအနေနဲ့ ရင်ဆိုင်နေကြရပါတယ်။ အင်္ဂါနေ့ညနေခင်းကပဲ ဝန်ကြီးချုပ် နရင်ဒရာ မိုဒီက ပိတ်သိမ်းမှုကို ကြေညာလိုက်လို့ သူတို့ဟာ လာမယ့် ရက်သတ္တသုံးပတ်တာလုံးလုံး ဝင်ငွေမရှိဘဲ ဖြတ်သန်းရမယ့်အလားအလာနဲ့ ကြုံတွေ့နေကြရပါတယ်။ တချို့ဆိုရင် လာမယ့်နေ့ရက်တွေမှာ စားစရာမရှိတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်တိုးကြရတော့မှာပါ။
အိန္ဒိယမှ ဗိုင်းရပ်စ်ကူးစက်ခံနေရကြောင်း အတည်ပြုထားသူ ၅၀၀ကျော်ရှိနေပြီး အခုအချိန်အထိ လူ ၁၀ဦးထက်မနည်း သေဆုံးခဲ့ပြီပဲ ဖြစ်ပါတယ်။

မြောက်ပိုင်းက အူတာပရာဒက်ရှ်၊ တောင်ပိုင်းက ကီရာလာနဲ့ မြို့တော်ဒေလီက ပြည်နယ်အစိုးရတွေကတော့ မစ္စတာကူးမားလို အလုပ်သမားတွေရဲ့ ဘဏ်စာရင်းထဲကို ငွေသားတွေ တိုက်ရိုက်လွှဲပေးမယ်လို့ ကတိပြုထားကြပါတယ်။ ဝန်ကြီးချုပ် မိုဒီရဲ့ အစိုးရကလည်း ပိတ်သိမ်းမှုကြောင့် ထိခိုက်နစ်နာတဲ့ နေ့စားအလုပ်သမားတွေကို ကူညီမယ်လို့ ကတိပေးထားပါတယ်။

ဒါပေမယ့်လည်း ဒီနေရာမှာ ပို့ဆောင်ရေးအခက်အခဲတွေက ရှိနေပြန်ပါသေးတယ်။ ကမ္ဘာ့အလုပ်သမားအဖွဲ့ကြီးရဲ့ အဆိုအရ အိန္ဒိယအလုပ်သမားတွေရဲ့ ၉၀%က လုံခြုံရေးအစောင့်လို၊ သန့်ရှင်းရေးသမားလို၊ လန်ချားဆွဲသူလို၊ ခေါင်းရွက်ဗျက်ထိုးဆေးရောင်းသူလို၊ အမှိုက်သိမ်းသမားလို၊ အိမ်အကူလို တရားမဝင်တဲ့ အလုပ်တွေကို လုပ်ကိုင်ကြသူတွေဖြစ်နေတယ်လို့ ဆိုပါတယ်။
နေ့စားအလုပ်သမားအများစုက ပင်စင်၊ မကျန်းမာခွင့်၊ လစာခွင့်နဲ့ တခြားခံစားခွင့်တွေကို မရကြသူတွေပဲ ဖြစ်ပါတယ်။ ပြီးတော့ အတော်များများမှာ ဘဏ်စာရင်းရယ်လို့ မရှိကြဘဲ နေ့စဉ်လိုအပ်ချက်တွေအတွက် ငွေသားအပေါ်မှာပဲ မှီခိုနေရသူတွေဖြစ်တယ်လို့ ဆိုပါတယ်။

Writer : AungMoe (XYZ News)

Ads