သင့်ကျန်းမာရေးကိုထိမ်းသိမ်းကာကွယ်ဖို့ ကျောက်ကပ်ရဲ့ အခန်းကဟာလဲ အရေးပါလှပါတယ်။ကျောက်ကပ်ဟာ ဆီးစွန့်ထုတ်ပေးတဲ့လုပ်ငန်းသာမက သွေးနီဥထုတ်ပေးခြင်း၊အခြားသောကလီဇာများမှအဆိပ်အတောက်များစွန့်ထုတ်ပေးခြင်း၊သွေးပေါင်ပုံမှန်ဖြစ်အောင်ထိမ်းညှိပေးခြင်း၊သတုဓာတ်များပုံမှန်ဖြစ်အောင်ထိမ်းညှိပေးခြင်းစသော တာဝန်များကိုပါဆောင်ရွက်ပေးတာမို့ ကျောက်ကပ်ကို ကျန်းမာအောင်ထိမ်းသိမ်းဖို့ အလွန်အရေးကြီးပါတယ်။ဒါကြောင့် ကျောက်ကပ်ကိုပျက်စီးစေမယ့်အလေ့အထဆိုးတွေကို သိရှိပြီး ရှောင်ကြဉ်ဖို့လဲ မဖြစ်မနေလိုအပ်လှပါတယ်။

ကျောက်ကပ်ကိုပျက်စီးစေသောအလေ့အထဆိုးများမှာ

(၁)ဆီးအောင့်ထားခြင်း

သင်ဟာ ဆီးမသွားပဲ ဆီးအောင့်ထားပါက သင့်ဆီးအိမ်ထဲမှာ ဆီးတွေဟာ အချိန်ကြာအောင် ရှိနေမှာဖြစ်ပါတယ်။ထိုသို့ရှိနေခြင်းဟာ ဆီးအိမ်ထဲမှာ ဘတ်တီးရီးယားတွေ ပွားများဖို့အခွင့်အလမ်းပိုမိုပေးသလိုဖြစ်စေပြီး နောက်ဆက်တွဲအနေဖြင့် ကျောက်ကပ်ပိုးဝင်ခြင်းနဲ့ဆီးမထိမ်းနိုင်ခြင်းတို့ကို ဖြစ်ပေါ်စေပါတယ်။

(၂)အထိုင်များခြင်း

သင့်သွေးတွင်းသကြားlevelပုံမှန်ဖြစ်ဖို့နဲ့ သွေးပေါင်ချိန်ပုံမှန်ဖြစ်စေဖို့က ကိုယ်လက်လှုပ်ရှားမှုကောင်းကောင်းလိုပါတယ်။အထိုင်များခြင်းဟာ သင့်ကျောက်ကပ်ကိုပျက်စီးစေဖို့ ၃၀ရာနှုန်းပိုမိုမြင့်တက်စေပါတယ်။
သင်ဟာတစ်နေ့ကို၈နာရီလောက် အလုပ်မှာထိုင်နေရပါက အိမ်ပြန်ရောက်တဲ့အချိန်မှာ လေ့ကျင့်ခန်းအနည်းငယ်ပြုလုပ်သင့်ပါတယ်။

(၃)လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်း

လေ့ကျင့်ခန်းအလွန်အကျွံပြုလုပ်ခြင်းဟာ ကြွက်သားတွေကို ပြိုကွဲစေပြီး ထိုကြွက်သားမျှင်အပုတ်အသိုးအပိုင်းအစတွေသွေးထဲသို့စီးဆင်းရာမှ ကျောက်ကပ်ကို ပျက်စီးစေပါတယ်။ဒါကြောင့် သင်ဟာ အလွန်အကျွံလေ့ကျင့်ခန်းပြုလုပ်သူဖြစ်ပြီး သင့်ဆီးအရောင်ရင့်လာခြင်းနဲ့ကြွက်သားနာကျင်ခြင်းတို့ကို ပူးတွဲခံစားရပါက မပေါ့ဆပဲ ဆေးကုသမှုခံယူသင့်ပါတယ်။

(၄)အကိုက်အခဲပျောက်ဆေးအလွန်အကျွံသောက်ခြင်း

အကိုက်အခဲပျောက်ဆေးများကို နှစ်ရှည်လများစွဲသောက်ခြင်းကြောင့် ကျောက်ကပ်ကိုသွေးစီးဆင်းမှုကျဆင်းစေပြီး ကျောက်ကပ်လုပ်ငန်းဆောင်တာများကို ပျက်စီးစေပါတယ်။ ကျောက်ကပ်ရောဂါရှိသူတွေအတွက်ဆို ပိုဆိုးတာပေါ့။ဒါကြောင့် မလိုအပ်ပဲ အကိုက်အခဲပျောက်ဆေးတွေသောက်သုံးခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။

(၅)ရေပုံမှန်မသောက်ခြင်း

ရေဓာတ်ပြည့်ဝနေမှသာ သင့်ကျောက်ကပ်ကနေ ဆားဓာတ်နဲ့ အဆိပ်တွေကိုကောင်းစွာစွန့်ထုတ်နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ရေပုံမှန်မသောက်ပါက ကျောက်ကပ်ကျောက်တည်ခြင်းနဲ့ အခြားသောကျန်းမာရေးဆိုးကျိူးများကိုရရှိစေမှာ ဖြစ်ပါတယ်။တစ်နေ့ကို ရေ၂လီတာခန့် အနည်းဆုံးသောက်သုံးပေးရပါမယ်။

(၆)အိပ်ရေးမဝခြင်း

လုံလောက်သောအိပ်စက်မှုရှိခြင်းဟာ ကျောက်ကပ်ကျန်းမာရေးကိုလဲ ကောင်းမွန်စေပါတယ်။သင်ဟာ လုံလောက်တဲ့အိပ်စက်မှုမရှိပါက သင့်ကျောက်ကပ်လုပ်ငန်းဆောင်တာတွေကိုနှေးကွေးစေမှာ ဖြစ်ပါတယ်။

(၇)အသားများလွန်ကဲစွာစားခြင်း

အသားများအလွန်အကျွံစားခြင်းကြောင့် သင့် သွေးထဲတွင် အက်ဆစ်များ များပြားစေပါတယ်။ထိုအခါ ကျောက်ကပ်မှ သင့် pH level ကိုထိမ်းညှိရာမှာ အခက်အခဲတွေ့လာစေပါတယ်။အချိန်ကြာလာနဲ့အမျှ သင့်ကျောက်ကပ်ပျက်စီးမှုစတင်လာမှာ ဖြစ်ပါတယ်။

(၈)ဆား နဲ့ သကြားအလွန်အကျွံစားသုံးခြင်း

သင့်အစာထဲကတဆင့်စားသုံးလိုက်သော ဆား ၉၅ ရာနှုန်းကို ကျောက်ကပ်ကနေ ဖြိုခွဲသန့်စင်ပါတယ်။ဒါကြောင့်မို့ သင်စားသောအစာမှာ ဆားများများပါလေ ကျောက်ကပ် က ပိုမိုအလုပ်များလေဖြစ်ပါတယ်။ အချိန်ကြာတာနဲ့အမျှ ကျောက်ကပ်ရဲ့ လုပ်ငန်းဆောင်တာတွေထိခိုက်စေတဲ့အပြင် သွေးတိုးရောဂါပါရရှိလာမှာ ဖြစ်ပါတယ်။
ထိုနည်းတူ သကြားအစားများခြင်းကြောင့် အဝလွန်ခြင်းနဲ့ဆီးချိူရောဂါဖြစ်ပွားစေပါတယ်။ဒါတွေဟာလဲ ကျောက်ကပ်ပျက်စီးစေခြင်းရဲ့ လမ်းကြောင်းအစဖြစ်ပါတယ်။

Writer_Dr Jue ( XYZ News )

Ads