ရုရှနိုင်ငံဟာ ဟိုက်ပါဆိုနစ်မစ်ဇိုင်း(အသံထက် အဆများစွာမြန်သော ဒုံးကျည်) တစ်စင်းကို ငါးကြိမ်မြောက်အဖြစ် အောင်မြင်စွာ စမ်းသပ်အောင်မြင်ခဲ့ပြန်ပါတယ်။ သမ္မတ ဗလာဒီမာပူတင်က သူ့ရဲ့ ဒီလက်နက်ကို ဘယ်ပြည်ပလက်နက်မှ ပုခုံးချင်း မယှဉ်နိုင်ဘူးလို့ ပြောပြီးနောက်မှာ ငါးကြိမ်မြောက် စမ်းသပ်အောင်မြင်တာပဲ ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်မှာ ရုရှရဲ့ စစ်လက်နက်သိုက်ဆီ ပို့ဆောင်စစ်မှုထမ်းမှာဖြစ်တဲ့ ဒီဖျက်အားပြင်းလွန်တဲ့ ဒုံးကျည်ကို အမေရိကန်ဟာ ကာကွယ်နိုင်စွမ်းမရှိဘူးလို့ အမေရိကန်ထောက်လှမ်းရေးရင်းမြစ်တွေက အတည်ပြုကြောင်း CNBC သတင်းက ဖော်ပြထားပါတယ်။

သင်္ဘောအခြေစိုက် ဒီဒုံးကျည်ကို လွန်ခဲ့တာ စနေနေ့က နောက်ဆုံးစမ်းသပ်ထားတာလို့ ဆိုပါတယ်။ ဒီဟိုက်ပါဆိုနစ်ဒုံးကျည်ဟာ အသံထက် ရှစ်ဆမြန်တာကြောင့် အလျင်နှုန်းဟာ တစ်စက္ကန့်ကို နှစ်မိုင်အထိ ရောက်ပါတယ်။ ၂၀၁၅ ခုနှစ်ကတည်းက စမ်းသပ်လာခဲ့တဲ့ ဒီဒုံးကျည်နဲ့ ပတ်သက်ပြီး အတွင်းစည်းက လူတစ်ဦးက ဒီဒုံးကျည်ကို ကုန်းပေါ်ပစ်မှတ်အပြင် ရေပြင်သင်္ဘောကိုပါ ပစ်မှတ်ထား တိုက်ခိုက်နိုင်ဖို့ ဒီဇိုင်းဆွဲ တည်ဆောက်ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

Tsirkon လို့ သိထားရတဲ့ ဒီဒုံးကျည်တွေဟာ ဟိုက်ပါဆိုနစ်လက်နက်တွေရဲ့ မရှိမဖြစ် ဂုဏ်ရည်ဖြစ်တဲ့ ရှည်ကြာစွာ ပျံသန်းနို်ငတဲ့ စွမ်းရည်လည်း ရှိနေပါတယ်။ သမ္မတ ပူတင်ဟာ ရုရှရဲ့ လက်နက်သစ်ဟာ ပြည်ပနိုင်ငံတွေက တန်းမညှိနိုင်တဲ့ လက်နက်သစ်ဖြစ်တာကြောင့် နိုင်ငံရဲ့ လုံခြုံရေးကို ဆယ်စုနှစ်များစွာ စိတ်ချရစေပြီဖြစ်တယ်လို့ အတည်ပြု ပြောဆိုပြီးနောက်မှာ ခုသတင်း ထွက်ပေါ်လာတာပဲ ဖြစ်ပါတယ်။

မော်စကိုမှာ စစ်တပ်အကြီးအကဲတွေနဲ့ တွေ့ဆုံမှုအတွင်း ပူတင်ဟာ Kinzhal ဟိုက်ပါဆိုနစ်ဒုံးကျည်သစ်နဲ့ Avangard ဟိုက်ပါဆိုနစ်လျှောဆင်းယာဉ်တို့ အကြောင်းတွေကိုလည်း အထူးတလည် ပြောဆိုခဲ့ပါတယ်။

Kinzhal ဒုံးကျည်ဟာ စစ်တပ်မှာ စစ်မှုထမ်းခိုင်းထားပြီးဖြစ်ပြီး ခုနှစ်အတွင်းမှာ စစ်လေယာဉ်ပေါ်တင်ဆောင်လျက် ၈၉ ကြိမ် ကင်းလှည့်မစ်ရှင်ကို လုပ်ဆောင်ပြီးကြောင်း ပြောပါတယ်။ Avangard ကတော့ လာမယ့်နှစ်မှာ စစ်တပ်အတွင်း ထည့်သွင်းအမှုထမ်းခိုင်းတော့မှာ ဖြစ်တယ်လို့ ရုရှကာကွယ်ရေးဝန်ကြီး ဆာဂျီဆွိုင်ဂူက ပြောခဲ့ပါတယ်။

ခုနှစ်အစောပိုင်းမှာ ပူတင်ကလည်း ပြင်းထန်တဲ့ ဒုံးကျည်ပစ်လွှတ်ရေးစနစ် Abangard ဟာ အသံထက် အဆ ၂၀ မြန်အောင် အလျင်နှုန်းရှိပြီး ဒုံးကျည်တွေကို မြောက်ဝင်ရိုးစွန်းကနေ တောင်ဝင်ရိုးစွန်ဆီကို မိနစ်ပိုင်းအတွင်း ပစ်လွှတ်နိုင်ကာ ဘယ်လို ဒုံးကျည်ကာကွယ်ရေး စနစ်ကိုမဆို ထွင်းဖောက်နိုင်ကြောင်း ပြောထားခဲ့တာ ဖြစ်ပါတယ်။

Rf; Daily Mail
Writer_မောင်သံဆင့် ( XYZ News )

Ads