အမေရိကန် အမျိုးသားလေကြောင်းနဲ့ အာကာသစီမံခန့်ခွဲရေးဌာန နာဆာက လရဲ့ တောင်ဝင်ရိုးစွန်းကို ဒုံးကျည်တစီး စေလွှတ်အပြီး လမျက်နှာပြင်အောက်မှာ ရေခဲသိုက်ရှိကြောင်း ထုတ်ဖော်လိုက်တဲ့ အပိုင်းအစတွေ ပန်းထွက်လာခဲ့ပါတယ်။

လူနည်းနည်းသာ မှတ်မိကြတဲ့ ဒီစီမံကိန်းအတွင်း ကျန်ခဲ့တဲ့နေရာကို ပြန်သွားဖို့ နာဆာက ကြိုးစားနေတာပါ။

မြေပုံဆွဲ ဂြိုဟ်တုနဲ့ အဆုံးစီရင်ခြင်းလို့ နာမည်ပေးထားတဲ့ အာကာသယာဉ် ၂ စီးတို့ ပါတဲ့ ဒီ စစ်ဆင်ရေးကို လွန်ခဲ့တဲ့ ၁၀ နှစ် အောက်တိုဘာ ၉ ရက်က ဆောင်ရွက်ခဲ့ပါတယ်။

လရဲ့ သဘာဝရင်းမြစ်ကို ရှာဖွေတွေ့ရှိတဲ့ သမိုင်းမှတ်တိုင် တရပ်လည်း ဖြစ်ခဲ့ပါတယ်။ ၂၀၂၄ မှာ လမျက်နှာပြင်ပေါ် လူတွေခြေချဖို့ အမေရိကန် ဒုသမ္မတ မိုက်ခ်ပန့်စ်က နာဆာကို ၂၀၁၉ မတ်လမှာ အမိန့်ပေးခဲ့ပါတယ်။

လရဲ့ မျက်နှာပြင်ပေါ်မှာ တန်ချိန် သန်းထောင်ချီတဲ့ ရေခဲတွေ ရှိနေတာပါ။ တိကျတဲ့ ပမာဏ ဘယ်လောက်လဲဆိုတာနဲ့ လမျက်နှာပြင်ပေါ်က မြေသားက ဘယ်လို အမျိုးအစားလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။

အာကာသယာဉ်မှူးတွေ လမျက်နှာပြင်ပေါ် မရောက်ခင် လပေါ်က ရေခဲတွေနဲ့ မြေကြီး ထဲမှာ ဘယ်ဒြပ်တွေ ပါဝင်ပေါင်းစပ်နေလဲဆိုတာ ရှာဖို့ နာဆာဟာ ၂၀၁၁ မှာ လမျက်နှာပြင်ပေါ်ကို ယာဉ်တွေစေလွှတ်နိုင်ရေး ကုမ္ပဏီတချို့နဲ့ ပူးပေါင်း လုပ်ကိုင်နေပါတယ်။

ကမ္ဘာပေါ်က ဈေးကြီးတဲ့ လောင်စာတွေကို သယ်သွားမယ့်အစား လပေါ်က ရေခဲပျော်ရည်တွေကို ဖြိုခွဲပြီး ဟိုက်ဒရိုဂျင်နဲ့ အောက်စီဂျင် ဓာတ်ငွေ့တွေကို ထုတ်ယူနိုင်မယ်ဆိုရင် နေအဖွဲ့အစည်းရဲ့ ပိုနက်ရှိုင်းတဲ့ အစိတ်အပိုင်းတွေဆီ သွားမယ့်လုပ်ငန်းအတွက် လဟာ လောင်စာ သိုလှောင်ရာနေရာ ဖြစ်လာလိမ့်မယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။

Ads