ရွှေသားအစစ်နဲ့ ပြုလုပ်ထားပြီး အသုံးပြုနိုင်တဲ့ အိမ်သာတလုံးကို အင်္ဂလန်နိုင်ငံ ဘလန်ဟင်းနန်းတော်မှာ မကြာခင်တပ်ဆင်ပြသတော့မှာဖြစ်ပြီး ဒီအိမ်သာကို သာမာန်ပြည်သူတွေကိုလည်း အသုံးပြုခွင့်ပေးမယ်လို့ Sky.com သတင်းမှာ ဖော်ပြပါတယ်။ဒီအိမ်သာအိုးကို အနုပညာရှင် မာရီဇီအို ကတ်တဲလ်လန်က ၂၀၁၆ ခုနှစ်မှာ ဖန်တီးခဲ့တာဖြစ်ပါတယ်။

ဒီအိမ်သာအိုးတခုလုံးကို ၁၈ ကာရက်ရှိတဲ့ ရွှေသားနဲ့ ပြုလုပ်ထားတာဖြစ်ပြီး ဒီဗိုလ်ထိုင်က သာမာန် အိမ်သာအိုးတွေလို ကောင်းမွန်စွာ လုပ်ငန်းဆောင်ရွက်နိုင်ပါတယ်။ဒီရွှေသားအိမ်သာကို ဝင်စတန်ချာချီ မွေးဖွားခဲ့တဲ့ အခန်းအနားက အခန်းမှာ ထားမယ်လို့ သိရပါတယ်။

ဒ့ါကြောင့် ဒီလုပ်ဆောင်ချက်ဟာ သူအပါအဝင် လူတိုင်းအတွက် လုံးဝကိုမမေ့နိုင်တဲ့ အခိုက်အတန့်တခု ဖြစ်နေလိမ့်မယ်လို့ ဘလန်ဟင်း အနုပညာဖောင်ဒေးရှင်းကို တည်ထောင်သူ အက်ဒ်ဝတ် စပန်စာ ချာချီက ပြောပါတယ်။ “ကျနော်က ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့ရပေမယ့် ရွှေအိမ်သာပေါ်တက်ပြီး အိမ်သာသွားဖို့ကိုတော့ စိတ်ကူးမယဉ်ခဲ့ဖူးပါဘူး” လို့လည်း သူကပြောပါတယ်။

ဒါကို နန်းတော်တွင်းတနေရာမှာ တပ်ဆင်မှာဖြစ်ပြီး လာရောက်လေ့လာသူတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ အသုံပြုနိုင်မှာဖြစ်ပါတယ်။ဒါပေမယ့် အိမ်သာအိုးကိုစောင့်ကြည့်ဖို့တော့ လုံခြုံရေးကို တိုးမြှင့်ထားမှာဖြစ်ပါတယ်။ ဒီအိမ်သာအိုးကိုပဲ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်က နယူးယောက်မြို့က Guggenhiem ပြတိုက်မှာ ပြတိုက်ခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကလည်း လူအယောက် ၁၀၀၀၀၀ လောက်က လာရောက်ကြည့်ရှုခဲ့ကြတယ်လို့ သိရပါတယ်။

ဒီရွှေအိမ်သာအိုးကို နန်းတော်မှာ ပြသတာဟာ အနုပညာရှင်ကတ်တလန်ရဲ့လက်ရာပြပွဲရဲ့ အစိတ်အပိုင်းတခုလည်း ဖြစ်ပါတယ်။

Ads