ဗီယက်နမ်စစ်ပွဲအတွင်းထွက်ပြေးရာမှ တာဇံတစ်ယောက်လို တောတွင်းမှာ နှစ်ပေါင်း ၄၀ လောက် ဘယ်လိုအသက်ရှင်နေထိုင်ခဲ့ရသလဲဆိုတာကို ဗီယက်နမ်အမျိုးသားတဦးက ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ Pattayaone သတင်းမှာဖော်ပြပါတယ်။ဒီအမျိုးသားကတော့ အသက် ၄၄ နှစ်အရွယ် ဟိုဗန်လန်းဖြစ်ပြီး ဖခင်ဖြစ်သူ အသက် ၈၅ နှစ်အရွယ် စစ်ပြန်ကြီး ဟိုဗန်သန်းနဲ့အတူ ကွန်ငန်ပြည်နယ် တေတရာ ခရိုင်ထဲက တောနက်ထဲကို ကလေးဘဝအရွယ်ကတည်းက ထွက်ပြေးခဲ့သူဖြစ်ပါတယ်။

တောတွင်းမှာ ကြွက်တွေကို စားရင်းအသက်ရှင်ဖို့ ကြိုးစားကာ တကိုယ်ရည်သန့်ရှင်းရေး ကိစ္စတွေကို တောနက်ထဲမှာ ဘယ်လိုကိစ္စ ရှင်းလင်းခဲ့ရသလဲဆိုတာကို ပြောပြခဲ့ပါတယ်။သူတို့သားအဖနှစ်ယောက်ဟာ ဗီယက်နမ်မှာ စစ်ဖြစ်ပွားနေတဲ့ ၁၉၇၁ ခုနှစ်က မိခင်နဲ့ တခြားမွေးချင်းနှစ်ဦး အမေရိကန်တို့ရဲ့ဗုံးဒဏ်ကြောင့် သေဆုံးသွားခဲ့ပြီးနောက်မှာ နေထိုင်ရာ ကျေးရွာငယ်လေးကနေ တောနက်ထဲကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

သူတို့နေထိုင်ရာ ပြည်နယ်ဟာ ဗီယက်ကောင်းတွေရဲ့ ခြေကုပ်နေရာဖြစ်တာကြောင့် အမေရိကန်တပ်တွေနဲ့ ဒေသခံတပ်ဖွဲ့တွေဟာ မကြာခဏဆိုသလို ပြင်းပြင်းထန်ထန်တိုက်ပွဲ ဖြစ်ပွားလေ့ရှိခဲ့ပါတယ်။ဒါ့ကြောင့် သူတို့နေထိုင်ရာ တောနက်ထဲအထိပါ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး အပြန်အလှန် ပစ်ခတ်မှုအတွင်း ကြားညှပ်သွားမှာ စိုးရိမ်တာကြောင့် သူတို့သားအဖတွေဟာ လူသားတွေနဲ့ တကြိမ်တခါမှ သွားရောက်ဆက်သွယ်ခဲ့ခြင်း မရှိပါဘူး။

ဒါ့ကြောင့် သူတို့သားအဖဟာ တာဇံတွေလို သစ်ပင်အိမ်တွေမှ နေထိုင်ခဲ့ပြီး သစ်ခေါက် အဝတ်အစားတွေကိုသာ ဝတ်ဆင်ခဲ့ပါတယ်။ဒီလိုပုံစံမျိုးနဲ့ အသက်ရှင်နေတဲ့ သူတို့ကို ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်မှာမှ ဒေသခံတွေက မြင်တွေ့ခဲ့ရတာဖြစ်ပြီး လူ့အဖွဲ့အစည်းနဲ့ ပြန်လည်သင့်မြတ်ဖို့ တဖြည်းဖြည်းချင်း စည်းရုံးသိမ်းသွင်းခဲ့ရပါတယ်။ ဒါ့ကြောင့် အခုချိန်မှာတော့ သူတို့သားအဖဟာ တောစပ်က အိမ်တလုံးမှာ ပြောင်းရွှေ့နေထိုင်နေပြီပဲဖြစ်ပါတယ်။

မကြာသေးခင်က Docastaway ရဲ့မန်နေးဂျင်ဒါရိုက်တာဖြစ်သူ အယ်ဗာတို စီရိုဇိုက သူတို့သားအဖ ရဲ့တောတွင်းရှင်သန်နေထိုင်ပုံတွေကို အသေးစိတ်” မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အောင်မြင်မှုမရခဲ့ပါဘူး။အယ်ဗာတိုဟာ သူတို့သားအဖနဲ့အတူ သူတို့နေထိုင်ခဲ့တဲ့ တောတွင်းနေရာမှာ ငါးရက်တိုင်တိုင် လိုက်ပါနေထိုင်ခဲ့ပေမယ့်လည်း လိုချင်တဲ့အဖြေကို ရရှိခဲ့ခြင်း မရှိပါဘူး။

“သူတို့သားအဖတွေပြောတဲ့ စကားတွေကို နားထောင်ကြည့်တာနဲ့ သူတို့ဟာ အပြင်ဘက်မှာရှိတဲ့ ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်းနဲ့ ဘယ်လောက်အဆက်အသွယ် ပြတ်နေသလဲဆိုတာကို သိနိုင်ပါတယ်” လို့လည်း အဲဗာတိုက ပြောပါတယ်။

ဒီငါးရက်တာ အကြောင်းတွေကို မှတ်တမ်းတင်ထားတဲ့ ဗွီဒီယိုဖိုင်တခုမှာလည်း ဟိုဗန်လန်းဟာ ကြွက်ကြီးတကောင်ကို ရက်ရက်စက်စက် သတ်ဖြတ်ချက်ပြုတ် စားသောက် နေတာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Ads