ပစ်စတိုဆိုတာကတော့ အိတ်ထဲမှာထည့်သွားလို့ရတဲ့ အသေးစား လက်နက်လေးတွေပါ ။ ဒါပေမယ့် SwissMiniGun လို့အမည်ပေးထားတဲ့ ဒီသေနတ်လေးကတော့ အရွယ်အစား ၂ လက်မသာရှိပြီး တစ်နာရီမိုင် ၂၇၀ နှုန်းနဲ့ပစ်ခတ်နိုင်တဲ့အတွက် လူတစ်ယောက်ကိုသေစေနိုင်စွမ်းရှိပါတယ်။

ခြောက်လုံးပြူးသေနတ်အမျိုးအစားဖြစ်ပြီး အရွယ်အစား ၂.၁၆ လက်မ (၅.၅ စင်တီမီတာ ) သာရှိပေမယ့် ၄.၅၃ ကျည်ဆံကို ၁၁၂ မီတာ အကွာအဝေးရောက်အောင်ပစ်နိုင်စွမ်းရှိပါတယ် ။ စတီးအစစ်နဲ့ပြုလုပ်ထားတဲ့ သေနတ်တွေကိုတော့ ယူရို ၃၀၀၀ နဲ့ဝယ်ယူနိုင်ပြီး ရွှေ ၁၈ ကာရက်နဲ့သွန်းထားတဲ့အလှသေနတ်တွေကို ယူရို ၃၀ ၀၀၀ နဲ့ ရောင်းချနေပါတယ် ။

နှစ်လက်လောက်သာရှိပေမယ့် အနီးကပ်ပစ်မယ်ဆိုရင် လူတစ်ယောက်ကို သေစေနိုင်တဲ့လက်နက်တစ်ခုပဲဖြစ်ပါတယ် ။ြ ဗိတိန် နိုင်ငံမှာတော့ ဒီသေနတ်တင်သွင်းခွင့်ကို ပိတ်ပင်ထားပြီး ဆွစ်ဇာလန် နဲ့ ဥရောပတစ်ခွင် နိုင်ငံများအတွက်တော့ ဒီလက်နက်ကိုင်ဆောင်ဖို့ရဲတွေဆီက အထူးခွင့်ပြုချက်လိုအပ်ပါတယ် ။

လက်နက်ခဲယမ်းသိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ Jonathan Spencer ကတော့”ဒီလက်နက်ဟာ တစ်စက္ကန့်ကို ၃၉၉ပေအရှိန်နှုန်းနဲ့ပစ်နိုင်တဲ့အတွက် အလွန်သေးငယ်ပေမယ့် ဥပဒေအရတော့ အန္တရယ်များလွန်းတဲ့ သေနတ်တစ်ခုလို့ပဲ ယူဆကြရပါလိမ့်မယ် ။

လူတစ်ယောက်ရဲ့ အရေပြားကိုဖောက်ထွင်းသွားဖို့အတွက် တစ်စက္ကန့်ကို ပေ ၃၃၀ အရှန်နှုန်းလောက်ပဲလိုအပ်ပါတယ် ။အရေပြားဟာ အရိုးကလွဲရင် အမာဆုံးအရာဖြစ်တဲ့အတွက် အရေပြားကိုဖောက်ဝင်သွားတဲ့အခါ ကိုယ်တွင်းထဲက အခြားအင်္ဂါတွေကိုလည်း ဖောက်ထွင်းသွားပါလိမ့်မယ် ။ ၃မီလီမီတာ သံချောင်းတစ်ချောင်းနှလုံးတည့်တည့်ကိုထိုးလိုက်မယ်ဆိုရင် လူတစ်ယောက်သေနိုင်သလိုပဲ ဒီသေနတ်ကလည်း အဲ့ဒီလိုပါပဲ ။

ချက်ကောင်းကိုပစ်မယ်ဆိုရင် သေနိုင်စွမ်းရှိတာကြောင့် လက်နက်ကိုင်ဆိုင်မှု ဥပဒေပုဒ်မ ၅ အရ အန္တရာယ်များတဲ့လက်နက်အမျိုးအစားအဖြစ်သတ်မှတ်ပြီး ကိုင်ဆောင်ခွင့်ကန့်သတ်ထားတာပဲဖြစ်ပါတယ် ” လို့ပြောကြားသွားပါတယ်။

၂.၃၄ မီလီမီတာရှိတဲ့ သေနတ်မောင်းတပ်ဆင်ထားတဲ့ ဒီသေနတ်ဟာ ကမ္ဘာပေါ်မှာ အသေးဆုံးသေနတ်တစ်ခုပါပဲ ။အလေးချိန်အားဖြင့် ဝ.၇ အောင်စ (၁၉.၈) ဂရမ်သာရှိပြီး ရိုးရိုးကျည်ဆံ ၊ ဗလာကျည်ဆံ နှစ်ခုလုံးပစ်နိုင်တဲ့ သေနတ်တစ်လက်ပါ ။

ဒီသေနတ်ကိုတော့ ဆွစ်ဇာလန်နိုင်ငံ ၊ La Chaux-de-Fonds အခြေစိုက်ကုမ္ပဏီ SwissMiniGun မှ ပထမဆုံးထုတ်လုပ်ခဲ့တာပဲဖြစ်ပါတယ် ။သေနတ်ထုတ်လုပ်ခဲ့ပြီး သုံးနှစ်အတွင်းမှာ အရှေ့အလယ်ပိုင်းနဲ့ အရှေ့ဘက်နယ်တွေကို သေနတ်ပေါင်း ၃၀၀ ကျော်ရောင်းခဲ့ရတယ်လို့လည်း ကုမ္ပဏီပိုင်ရှင် Paul Erard ကပြောကြားခဲ့ပါတယ် ။

တစ်ကြိမ်ထုတ်ရင် ရွှေသေနတ် ၂၅ လက်နဲ့ စတီးသေနတ် အလက် ၁၀၀ သာထုတ်လုပ်တာဖြစ်ပြီး အားလုံးပြီးစီးဖို့အတွက် အချိန် ၆ လကြာမြင့်တယ်လို့လည်းသိရပါတယ် ။”ကျွန်တော်တို့ သုံးစွဲသူတွေရဲ့လိုအပ်ချက်အတိုင်း ပြုလုပ်ပေးပါတယ် ။

တန်ဖိုးမြင့်ဗားရှင်းကတော့ စိန်တွေရွှေတွေနဲ့ပြုလုပ်ထားတာဖြစ်ပြီး ယူရို ၃၀ ၀၀၀ ကျမှာပဲဖြစ်ပါတယ် ” လို့ Paul Erard ကပြောပါတယ် ။၂၀၀၆ ခုနှစ် စက်တင်ဘာလ တုန်းကတော့ အရက် ၊ ဆေးရွက်ကြီး ၊ လက်နက်ခဲယမ်းဗျူရို မှ ဒီသေနတ်နဲ့ပတ်သတ်ပြီး သတိပေးချက်ထုတ်ပြန်ခဲ့ဖူးပါတယ် ။

ဒီသေနတ်ကအလွန်သေးငယ်တဲ့အတွက် လုပ်ကြံသူတွေအလွယ်တကူသယ်ဆောင်နိုင်တဲ့ အမျိုးအစားတစ်ခုဖြစ်နေတယ်လို့ အထူးအေးဂျင့် Willian McMahon ကဝေဖန်ပြောကြားခဲ့ဖူးပါတယ် Mr.Erard ကတော့ ဒီသေနတ်ဟာ လေသေနတ်လောက်သာ ပြင်းတဲ့ သေနတ်တစ်ခုဖြစ်ကြောင်း အခိုင်အမာပြောဆိုထားပါတယ် ။

”စက်တင်ဘာလ ၁၁ ရက်နေ့နောက်ပိုင်းကပြီးတော့ အမေရိကမှာအကြောက်တရားကြီးစိုးသွားတာပဲ ။တကယ်တော့ရယ်ရတယ် ။ အပြင်မှာ စနိုက်ပါတွေဝယ်လို့ရနေတဲ့အချိန်မှာ ဘယ်လုပ်ကြံသတ်ဖြတ်ရေးသမားက ကျွန်တော့်သေနတ်ကိုဝယ်နေမှာလဲ” လို့ဝေဖန်ထောက်ပြခဲ့ပါတယ် ။ဘာပဲဖြစ်ဖြစ် ဒီအလွန်သေးငယ်တဲ့သေနတ်လေးဟာ ကမ္ဘာ့အသေးဆုံး ခြောက်လုံးပြူးသေနတ်အဖြစ် ဂင်းနှစ်မှတ်တမ်းတင်နိုင်ခဲ့တာတော့ အသေအချာပါပဲ ။

Writer – Min Thu ( XYZ News)

Ads