ရုရှရဲ့ လက်နက်တွေကို ကမ္ဘာမှာ ပြိုင်ဖက်မပေါ်သေးကြောင်း သမ္မတ ဗလာဒီမာပူတင်က ပြောရင်း သူ့နိုင်ငံရဲ့ ခေတ်မီစစ်တပ်စွမ်းပကားကို အမွှမ်းတင်လိုက်ပါတယ်။ နိုင်ငံရဲ့ လက်နက်တွေကို စဉ်ဆက်မပြတ် အဆင့်မြှင့်တင်တဲ့ အစီအစဉ်ကြောင့် ခန့်မှန်းနိုင်တဲ့ အနာဂတ်မှာ ပြိုင်ဖက်တွေထက် နှာတစ်ဖျားသာနေဦးမှာပဲ ဖြစ်တယ်လို့လည်း ပူတင်က ဆိုပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံရဲ့ စစ်တပ်ကို ခေတ်အမီဆုံးလက်နက်တွေ၊ ထိန်းချုပ်မှုနဲ့ ဆက်သွယ်ရေးစနစ်တွေ တပ်ဆင်ပေးနိုင်ရေးကို ဦးထိပ်ပန်ထားတယ်။ ကျွန်တော်တို့ရဲ့ နောက်လာမယ့် လက်နက်တွေဟာ ကမ္ဘာမှာ နှစ်မျိုးမရှိဘူး။ အနည်းဆုံး ခုချိန်ထိ ပြိုင်ဖက် မပေါ်သေးဘူး။”လို့ ဂရန့်ကရင်မလင်နန်းတော်မှာ သောကြာနေ့က ပူတင်က ပြောခဲ့တာ ဖြစ်ပါတယ်။

ခုလို စွမ်းဆောင်နိုင်တာဟာ နိုင်ငံရဲ့ စနစ်ကျနမှု အကျိုးဆက်ကြောင့်ရယ်၊ ပစ်မှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကြောင့်ရယ်ပဲ ဖြစ်သလို သိပ္ပံပညာရှင်တွေ၊ အင်ဂျင်နီယာတွေနဲ့ အစိုးရတာဝန်ရှိသူတွေရဲ့ ကြီးမားတဲ့ အသင်းအဖွဲ့ရဲ့ လုံ့လကြောင့်လည်းပဲ ဖြစ်တယ်လို့ ရုရှခေါင်းဆောင်က ဆိုပါတယ်။

“ဒီလို ပေါင်းစည်းအားဟာ အနာဂတ်ဆယ်စုနှစ်တွေမှာ စစ်တပ်နဲ့ တပ်ရင်းတပ်စုတွေရဲ့ အောင်မြင်တဲ့ခြေလှမ်းတွေအတွက် အခြေခံပဲ ဖြစ်တယ်။ ရုရှအတွက် လုံခြုံရေးနဲ့ ငြိမ်းချမ်းရေးအပြင် အောင်မြင်မှုတွေ ဖွံ့ဖြိုးမှုတွေအတွက် တွန်းအားတွေပဲ ဖြစ်တယ်။”လို့ ၎င်းက ပြောပါတယ်။

“ရုရှနိုင်ငံဟာ ငြိမ်းချမ်းတဲ့ တစ်နိုင်ငံပါ။ တာဝန်ခံမှုရှိတဲ့ နိုင်ငံခြားရေးမူဝါဒကို ကျင့်သုံးပါတယ်။ ခိုင်မာတဲ့ နိုင်ငံတကာ တည်ငြိမ်မှုအတွက်လည်း အားစိုက်လုပ်ဆောင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ နိုင်ငံရဲ့ ကာကွယ်ရေးစွမ်းရည်၊ ဖွံ့ဖြိုးမှုနဲ့ လက်နက်ကိုင်တပ်တွေ အဆင့်မြှင့်တင်ရေးတွေကို ဒီထက်မက ဆက်လက်လုပ်ဆောင်သွားပြီး ရုရှနဲ့ နိုင်ငံသားတွေ လုံခြုံရေးကသာ ကျွန်တော်တို့အတွက် ထိပ်တန်းဦးစားပေး ဖြစ်နေမှာပါ။”လို့ ပူတင်က ပြောခဲ့ပါတယ်။

သမ္မတ ပူတင်ဟာ ဥရောပမှာ တာလတ်နဲ့ တာတို နျူကလီးယားတွေ မဖြန့်ကြက်ဖို့ အမေရိကန်ကို သတိပေးပြီး ရက်ပိုင်းအတွင်းမှာပဲ ခုလို ပြောဆိုလာတာပဲ ဖြစ်ပါတယ်။ ဥရောပမှာ ဒီလို ဒုံးကျည်တွေ ဖြန့်ကြက်မယ်ဆိုရင် နိုင်ငံတကာလုံခြုံရေး အခြေအနေကို ပိုမိုဆိုးဝါးစေမှာ ဖြစ်ပြီး ရုရှကိုလည်း ပြင်းပြင်းထန်ထန် စိန်ခေါ်မှုတွေ ဖန်တီးလိုက်တာပဲ ဖြစ်တယ်လို့ ပူတင်က အမေရိကန် သတိပေး ပြောဆိုခဲ့တာပါ။

မော်စကိုအနေနဲ့ ဝါရှင်တန်နဲ့ ဆက်ဆံရေးကောင်းမွန်တာကို လိုလားပေမယ့် လိုအပ်လာရင်တော့ တုံ့ပြန်သွားဖို့လည်း အသင့်ရှိတယ်လို့ ပူတင်က ပြောခဲ့ပါတယ်။

Rf; PressTV
Writer_မောင်သံဆင့် ( XYZ News )

Ads