ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ မွေးဖွားသူတွေအတွက်တော့ အအေးပိုပြီး စိတ်ပျက်ဖွယ်ရာသီဥတုမှာ မွေးဖွားသူတွေပဲ ဖြစ်ပါတယ်။ဒါပေမယ့် သုတေသနပြုချက်အရတော့ ကုံရာသီဖွားတွေဖြစ်တဲ့ ဒီလဖွားတွေဟာ ချမ်းသာပြီး အောင်မြင်ကျော်ကြားနိုင်ခြေ ပိုများတယ်လို့ ဆိုပါတယ်။

ဟောလီးဝုဒ်ငွေကြယ်ပွင့်တွေရဲ့ တော်တော်များများဟာ ဇန်နဝါရီ ၂၀ ကနေ ဖေဖော်ဝါရီ ၁၈ ရက်ကြားမှာ မွေးဖွားကြသူတွေဖြစ်ကြောင်း လူမှုရေးသိပ္ပံဂျာနယ်က တွေ့ရှိဖော်ပြပါတယ်။သုတေသနပညာရှင်တွေဟာ အမျိုးမျိုးသော ဘဝတွေက လူတွေကို ကြုံရာကျပန်း ရွေးချယ်လိုက်ပါတယ်။ အတိတ်ကနဲ့ လက်ရှိအချိန်အထိ နိုင်ငံရေးသမားတွေ၊ သိပ္ပံပညာရှင်တွေ၊ စာရေးဆရာတွေ၊ အားကစားအကျော်အမော်တွေ၊ အဆိုတော်တွေ၊ သရုပ်ဆောင်တွေနဲ့ အောင်မြင်ကျော်ကြားသူတွေကို ကြုံသလို ရွေးချယ်ပြီး သုတေသနပြုတာပါ။

တစ်ရာကနေ နှစ်ရာ၊ နှစ်ရာကနေ သုံးရာ တစ်ဖြည်းဖြည်းတိုးတိုးပြီး လေ့လာသွားခဲ့ရာမှာ အောင်မြင်ကျော်ကြားသူ အများစုဟာ ဆယ့်နှစ်ရာသီခွင်မှာ ကုံရာသီမှာ မွေးဖွားကြတာ များကြောင်း တွေ့ရှိခဲ့ပါတယ်။“အောာင်မြင်ကျော်ကြားသူ တော်တော်များများ အရေအတွက်ဟာ ကုံရာသီမှာ မွေးဖွားကြသူတွေ ဖြစ်တာကို တွေ့ရှိရတယ်။”လို့ သုတေသနက ကောက်ချက်ချပါတယ်။

ကုံရာသီဖွားတွေရဲ့ စရိုက်လက္ခဏာဟာ စွမ်းအင်ရှိတာ၊ စိတ်ကူးနိုင်စွမ်း မြင့်မားတာနဲ့ အမှီအခိုကင်းတာတွေ ရှိနေပြီး တီထွင်ဖန်တီးတဲ့ လုပ်ငန်းတွေကို လုပ်ကိုင်တတ်ကြကြောင်း နက္ခတ္တပညာကလည်း ဆိုပါတယ်။ကုံရာသီဖွား အောင်မြင်ကျော်ကြားသူတွေမှာ ဂျင်နီဖာအန်နီစတန်၊ အိုဖရာဝင်းဖရေးနဲ့ ခရစ္စတီယာနိုရော်နယ်ဒိုတို့လည်း ပါဝင်ပါတယ်။

ဇန်နဝါရီနဲ့ ဖေဖော်ဝါရီလတွေမှာ မွေးဖွားသူတွေဟာ အများက မက်မောတဲ့ အလုပ်အကိုင်တွေ လုပ်ကိုင်တတ်ရကြောင်း ညွှန်ပြတာဟာ ခုသုတေသနတစ်ရပ်တည်း ရှိတာမဟုတ်ပါ။အခြားသုတေသနတွေမှာလည်း ဆောင်းတွင်းမွေးဖွားတဲ့ ကလေးငယ်တွေဟာ စာသင်ခန်းတွေမှာ ကောင်းကောင်းမွန်မွန် လိုက်နာနိုင်တဲ့ ကလေးငယ်တွေဖြစ်တာကို တွေ့ရှိရကြောင်း ဖော်ထုတ်ထားပါတယ်။

Rf; Mirror
Writer – မောင်သံဆင့်( XYZ News)

Ads