ကိုရိုနာဗိုင်းရပ်စ်အတွက် ဆေးသစ် ၅ မျိုးကို စမ်းသပ်အသုံးပြုနေပြီး သုတေသီတွေနဲ့ တရုတ်အာဏာပိုင်တွေဟာ စနစ်ကျတဲ့ ကာကွယ်ဆေး စမ်းသပ်ချက်တွေ ပိုမိုလုပ်နေတယ်လို့ တာဝန်ရှိသူတွေက ဖေဖော်ဝါရီ ၂၁ ရက်မှာ ပြောလိုက်ပါတယ်။

ဒီလိုစမ်းသပ်အသုံးပြုရာမှာ ဗိုင်းရပ်စ် နှိမ်နင်းဆေးတချို့နဲ့ တရုတ်တိုင်းရင်းဆေးတချို့ဟာ အစွမ်းထက်တာကို တွေ့ရတယ်လို့ အမျိုးသားဆေးဝါးပစ္စည်း ထုတ်လုပ်ရေး ဒုညွန်မှူး ချန်ရှီဖေးက သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ဒုညွှန်မှူး ချန်ရှီဖေးက ဆရာဝန်တွေဟာ ဆေးဝါးတချို့နဲ့ အန္တရာယ်ကင်းပြီး အစွမ်းထက်တဲ့ တိုင်းရင်းဆေးတချို့ကို ပေါင်းစပ်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီထဲမှာ ဗိုင်းရပ်စ်နှိမ်နင်းဆေးတချို့နဲ့ ဈေးကွက်အသိမှတ်ပြု တိုင်းရင်းဆေးတွေ ပါဝင်တယ်လို့ သူက ပြောပါတယ်။

အဲဒီလို စမ်းသပ်ရာမှာ တိုင်းရင်းဆေးညွှန်း ၈၀ ကျော်ကို ရောဂါစစ်ရာနဲ့ လူနာတွေကို ကုသရာမှာ အသုံးပြုခဲ့ပြီး အတော်လေး အစွမ်းထက်တာကို တွေ့ရတယ်လို့ အမျိုးသားဆေးဝါးပစ္စည်း ထုတ်လုပ်ရေး ဒုညွန်မှူးက ပြောခဲ့ပါတယ်။

အခုချိန်ထိ အဲဒီဆေးသစ် ၅ မျိုးဟာ တိုးတက်မှုရှိနေတယ်လို့ ချန်ရှီဖေးက ပြောပေမယ့် ဆေးသစ်နာမည်တွေကိုတော့ သူက ထုတ်မပြောခဲ့ပါဘူး။ ဒါ့အပြင် ကာကွယ်ဆေး ထုတ်လုပ်တာကိုလည်း ဆောင်ရွက်နေတယ်လို့ ချန်က ပြောခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းအထိ ကမ္ဘာတဝန်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၇၇၈၁၃ ဦး၊ သေဆုံးသူ ၂၃၆၀ နဲ့ ပြန်လည်သက်သာကောင်းမွန်လာသူ ၂၀၉၄၉ ဦး ရှိတယ်လို့ သိရပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads