အရပ်ဘက် အစိုးရအဖွဲ့ဝင်တွေ စီးဖို့ AgustaWestland AW 139 ရဟတ်ယာဉ်တစ်စီး ဝယ်ထားကြောင်း သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။ ပိုင်းလော့အပါအဝင် လူ(၁၅)ယောက် စီးနင်းနိုင်တဲ့ ဒီရဟတ်ယာဉ်ဟာ သဘာဝဘေးကြောင့် အရေးပေါ်အခြေအနေဖြစ်လာရင် ချက်ချင်းသွားနိုင်အောင်လို့၊ အရပ်ဘက် အစိုးရအဖွဲ့ဝင်တွေ စစ်ဖက်ရဟတ်ယာဉ်အသုံးပြုမှုနည်းဖို့လို့ ဦးဇော်ဌေးက ဒီနေ့ သမ္မတရုံးမှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

“ဘာ့ကြောင့် စစ်ဘက် ရဟတ်ယာဉ်သုံးရသလဲဆိုတော့ အရပ်ဘက် ရဟတ်ယာဉ် မရှိလို့ပေါ့ဗျာ… နော်.. ဒါက နံပါတ်(၁)အချက်…အရပ်ဖက်မှာ ကျနော်တို့ အစိုးရအဖွဲ့ဝင်တွေစီးဖို့ လူကြီးတွေစီးဖို့ အရပ်ဘက်သုံး ရဟတ်ယာဉ်ဆိုတာ တစ်စီးမှမရှိဘူး.. အဲတော့ ကျနော်တို့ ခရီးစဉ်တချို့မှာ အကူညီတောင်းပြီးတော့လုပ်ရတယ် ကျန်တဲ့ airline company တချို့ ရဟတ်ယာဉ်သုံးတဲ့ company တချို့ အကူညီတောင်းပြီးတော့ ပိုက်ဆံပေးပြီးတော့သုံးရတာရှိတယ်၊ အဲဒီ့တော့လဲ ကျနော်တို့ ရဟတ်ယာဉ်တစ်စင်း ဝယ်ထားပြီးပြီ၊ ဘယ်ကနေဝယ်သလဲဆိုတော့ leonardo company ကနေပြီးတော့ AW 139 ဆိုတဲ့ရဟတ်ယာဉ်…”

ဖေဖော်ဝါရီ ၁၉ ရက်က လူမှုဝန်ထမ်းကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးညီပုတို့ စီးနင်းလာတဲ့ ရဟတ်ယာဉ်ဟာ စစ်တွေကနေ ဘူသီးတောင်အသွား ညောင်ချောင်းကျေးရွာအနားမှာ ပျံသန်းနေတဲ့အချိန် စက်သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုနဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးတို့ စီးနင်းလိုက်ပါလာတဲ့ တပ်မတော်ရဟတ်ယာဉ်ကို စက်သေနတ်တွေနဲ့ပတ်ခတ်ခဲ့တာဟာ သူတို့ရဲ့ လက်ချက်ဖြစ်တယ်လို့ ရက္ခိုင့်တပ်တော် (အေအေ) က ဒီဗွီဘီကို ပြောကြားခဲ့ပါတယ်။

အခုအချိန်မှာတော့ အစိုးရအနေနဲ့ အရပ်ဘက်သုံး ရဟတ်ယာဉ်တစ်စီးကို ဝယ်ယူထားပြီး သဘာဝဘေးအန္တရာယ်တွေဖြစ်ပေါ်လာတဲ့အခါ အရေးပေါ်ကယ်ဆယ်ရေးတွေ ဆောင်ရွက်ရတဲ့ လူကယ်ပြန်ဝန်ကြီးဌာနအတွက် အဓိက ရည်ရွယ်ပြီး ဝယ်ယူတာဖြစ်တယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ဖေဖေါ်ဝါရီ ၂၁ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ကာလတန်ဖိုးအနေနဲ့ အမေရိကန် ဒေါ်လာ ၁၄ သန်းခန့် ရှိတဲ့ AW 139 ရဟတ်ယာဉ်နဲ့ ပတ်သက်ပြီး မြန်မာအစိုးရ အနေနဲ့ ဝယ်ယူလက်ခံတဲ့ လက်မှတ်ထိုးထားပြီးပြီလို့ဆိုပါတယ်။ အင်ဂျင်၂လုံးပါတဲ့ AW 139 ရဟတ်ယာဉ်ကို လမယ့် ဧပြီလအကုန်ပိုင်းလောက် ရောက်ရှိလာလိမ့်မယ်လို့ မှန်းထားပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads