အနောက်အုပ်စုနဲ့ တင်းမာနေချိန်မာ ရုရှစစ်တပ်ယန္တရားအတွင်း ပြောင်းလဲဖြစ်စဉ်တွေ ရှိနေပါတယ်။ ဒီ ဖျက်အားပြင်း လက်နက်ငါးမျိုးကိုတော့ ဝါရှင်တန်အနေနဲ့ ခေါင်းထဲ မထည့်လို့ ရမှာ မဟုတ်ပါဘူး။ ယူကရိန်းမှာ တင်းမာမှုတွေ ဖြစ်ပွားနေပြီး အရှိန်မြင့်တက်နေစဉ်မှာတောင် အမေရိကန်ဟာ ရုရှနဲ့ တိုက်ရိုက်ထိပ်တိုက်ဆိုင်တာ မရှိခဲ့ပါဘူး။ ခေတ်သစ်ရုရှဟာ ဆိုဗီယက်ပြည်ထောင်စု မဟုတ်သလို မဟာဗျူဟာနဲ့ နည်းဗျူဟာ နျူကလီးယားလက်နက်တွေ ဖြုံလောက်အောင် လက်ဝယ်ရှိထားတဲ့ နိုင်ငံပါ။

ဒါပေမယ့် ဒီဆောင်းပါးဟာ အလွန်တရာ အန္တရာယ်ကြီးတဲ့ ထင်သာမြင်သာ နျူကလီးယားလက်နက်တွေ၊ နျူကလီးယားစွမ်းအင်သုံးရေငုပ်သင်္ဘောတွေ စတာတွေအပေါ် ဆွေးနွေးမှာမဟုတ်ဘဲ စစ်ပွဲဖြစ်တဲ့တစ်နေ့ အမေရိကန်တပ်တွေ လက်တွေ့ရင်ဆိုင်ရဖွယ် ဖြစ်လာမယ့် စစ်လက်နက်စနစ်တွေကိုပဲ ဇောင်းပေးဖော်ပြမှာ ဖြစ်ပါတယ်။ အမေရိကန်တပ်တွေ ထိပ်တိုက်တွေ့ရမယ့် ရုရှရဲ့ ထိရောက်တဲ့ စစ်လက်နက်တွေထဲက ငါးမျိုး အကြောင်းကို ကောက်နုတ်ဖော်ပြလိုက်ပါတယ်။

1-Sukhoi Su-35 Flanker – E

Sukhoi Su-35 Flanker – E ဟာ ရုရှရဲ့ ခေတ်မီပြီး အကောင်းဆုံး လုပ်ငန်းစွမ်းဆောင်နိုင်တဲ့ တိုက်လေယာဉ်ပါ။ ဆိုဗီယက်ခေတ် Su-27 ကို အဆင့်မြှင့်တင်ထားတာ ဖြစ်ပါတယ်။ အမြင့်ပျံစွမ်းရည်၊ အလျင်နှုန်းနဲ့ ဝန်တင်နိုင်မှုမှာ အံ့မခန်းပါပဲ။ ခေတ်မီတဲ့ အီလက်ထရောနစ်ပညာသုံး ထုတ်လုပ်ထားတဲ့ ဒီတိုက်လေယာဉ်ဟာ အမေရိကန်ရဲ့ ကိုယ်ပျောက် Lockheed Martin f-22 Raptor တိုက်လေယာဉ်က လွဲလို့ ဘယ်အမေရိကန်တိုက်လေယာဉ်မျိုးအတွက်မဆို အလွန်အန္တရာယ်ကြီးတဲ့ တိုက်လေယာဉ်ပဲ ဖြစ်ပါတယ်။

အမြင့်ပျံလေယာဉ်တစ်စီးအနေနဲ့ ဝေဟင်အမြင့် ပျံသန်းနိုင်စွမ်းနဲ့ အရှိန်နှုန်း မြင့်မား ပျံသန်းနိုင်စွမ်းကို ပေါင်းစပ်ထားပါတယ်။ လေယာဉ်မှာ တင်ဆောင်လာတဲ့ ဒုံးကျည်တွေကို ပစ်လွှတ်ဖို့ သုံးစွဲရတဲ့ စွမ်းအင်ကို ဒီအရှိန်နှုန်းမြင့်မားပျံသန်းခြင်းကနေပဲ ရယူသုံးစွဲတာ ဖြစ်ပါတယ်။ ကောင်းကင်တိုက်ပွဲတစ်ခုမှာ SU-35 ဟာ ဝေဟင်အမြင့် ပေ ၄၅၀၀၀ မှာ အသံထက် အလျင်နှုန်းမြန် ပျံသန်းရင်းကပဲ ဒုံးကျည်တွေကို ပစ်လွှတ်စွမ်းပါတယ်။ လေယာဉ်လားရာ ညွှန်ရပ်ကိုလည်း သုံးဖက်မြင် မြင်ကွင်းနဲ့ ပြသတာဖြစ်တာကြောင့် ထိန်းကြောင်းမောင်းနှင်ရတာ ထူးထူးကဲကဲကို လွယ်ကူချောမွေ့စေပါတယ်။

တရုတ်နိုင်ငံက ဒီလေယာဉ်တွေကို ဝယ်ယူနေသလို မြောက်ကိုရီးယားနိုင်ငံကလည်း ရုရှရဲ့ ဒီ SU-35 ဂျက်တိုက်လေယာဉ်တွေကို လိုချင်နေတာပဲ ဖြစ်ပါတယ်။

2-Amur-class submarine

ရုရှနိုင်ငံဟာ Borei အမျိုးအစားနဲ့ Severodvinssk အမျိုးအစား ခေတ်မီတဲ့ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးနဲ့ တိုက်ခိုက်ရေးရေငုပ်သင်္ဘောတွေကို တည်ဆောက်ထားပေမယ့် ဒီလို ရေငုပ်သင်္ဘောတွေကို တင်ပို့ရောင်းချတာ မရှိခဲ့တာကတော့ သေချာသလောက် နီးပါးပါပဲ။ လက်ရှိမှာ အိန္ဒိယကိုတော့ Akula II အမျိုးအစား တိုက်ခိုက်ရေးရေငုပ်သင်္ဘောကို အငှားချားထားကြောင်း သိရပါတယ်။ ယခင်ကလည်း Charlie I အမျိုးအစားရေငုပ်သင်္ဘောကို အငှားချထားဖူးပါတယ်။ တော်တော်များများ ဝယ်ချင်တဲ့ နိုင်ငံတွေကတော့ Amur အမျိုးအစား ဒီဇယ်နဲ့ လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောတွေကို ရုရှထံက ဝယ်လိုနေကြပါတယ်။

နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေလောက် စွမ်းဆောင်ရည်မမြင့်ပေမယ့် ဒီဇယ်-လျှစ်စစ်စွမ်းအင်သုံး ဒီရေငုပ်သင်္ဘောတွေဟာ မောင်းနှင်ရာမှာ အလွန်ပဲ အသံတိတ်ဆိတ်ပါတယ်။ ရေပြင်ပေါ်က စစ်သင်္ဘောတွေအတွက် အလွန်အန္တရာယ်ပေးနိုင်ပါတယ်။ ကမ်းခြေနဲ့နီးကပ်တဲ့ ကျဉ်းကျုတ်တဲ့ ရေပြင်အထိ မောင်းနှင်သွားရောက်နိုင်ပါတယ်။ ဒီဇယ်-လျှပ်စစ်သုံး ရေငုပ်သင်္ဘောအဟောင်းဆိုလည်း အန္တရာယ်များတဲ့ စစ်လက်နက်အဖြစ် သတိထားရမှာဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဥပမာ ၂၀၀၇ ခုနှစ်တုန်းက တရုတ်စစ်သင်္ဘောတစ်စီးက ရုရှရဲ့ Amur အမျိုးအစား USS Kitty Hawk နဲ့ နီးကပ်လာပေမယ့် မထောက်လှမ်းနိုင်ခဲ့ဘဲ ရုရှရေငုပ်သင်္ဘောက ရေမျက်နှာပြင်ပေါ် တက်လာမှ သိရှိခဲ့တာ ဖြစ်ပါတယ်။ ရုရှရဲ့ Kilo အမျိုးအစားနဲ့ ဒါကို အသစ်မွမ်းမံတဲ့ Amur အမျိုးအစားရေငုပ်သင်္ဘောတွေဟာ အသံလုံပြီး ပိုပြီးလည်း အလျင်နှုန်း မြင့်မားပါတယ်။

3-T-90 Tank

ရုရှရဲ့ T-90 အဓိကတိုက်ခိုက်ရေးတင့်ကားဟာ လက်ရှိသံချပ်ကာယာဉ်တွေထဲ Armata အမျိုးအစားပြီးရင် ခေတ်အမီဆုံးပါပဲ။ ဒီဇိုင်းသစ်ဖြစ်ပေမယ့် ဒီတင့်ကားတွေဟာ ဆိုဗီယက်ခေတ် T-72 ကို အဆင့်မြှင့်တင်ထားတာပဲ ဖြစ်ပါတယ်။ T-72 ကို ဆိုဗီယက်စစ်တပ်ရဲ့ အဆင့်နိမ့်တင့်တွေအဖြစ် အရေအတွက်များများ ထုတ်ပြီး T-80 ကိုတော့ အထူးယူနစ်အဖွဲ့တွေအတွက် ထုတ်လုပ်ဖို့ လက်ဦးမှာ ရည်မှန်းခဲ့တာပါ။ ဒါပေမယ့် ချေချင်းညာပဋိပက္ခမှာ T-80 တွေ စွမ်းဆောင်ရည်ညံ့တာကြောင့် အဆင့်မြင့်တင်ပြီး T-90 ကို ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။

T-90 တွေ ထုတ်လုပ်မှုကုန်ကျစရိတ်ဟာ အနောက်အုပ်စုက Leopard 2 နဲ့ M1A2 Abrams တို့ထက် ကုန်ကျစရိတ် တော်တော်လေး နည်းပါးပါတယ်။ T-90 မှာ အမြောက်ကြီး၊ အာရုံဆင်ဆာနဲ့ ပစ်ခတ်ထိန်းချုပ်မှု စနစ်တွေ ပါဝင်ပါတယ်။ ရုရှစစ်တပ်မှာ T-90 တင့်ကားတွေ တစ်ထောင်နီးပါးရှိပေမယ့် ဒီတင့်ကားတွေဟာ အိန္ဒိယစစ်တပ်ကြားမှာ ရေပန်းစားပါတယ်။ အိန္ဒိယအပြင်၊ အယ်ဂျီးရီးယား၊ အဇာဘိုင်ဂျန်နဲ့ ယုဂန်ဒါနိုင်ငံတွေကလည်း T-90 တင့်ကားတွေကို ဝယ်ယူထားပါတယ်။ ဗီယက်နမ်နဲ့ အခြားနိုင်ငံတွေလည်း ဒီတင့်ကားအပေါ် စိတ်ဝင်စားမှု ရှိကြောင်း ဖော်ပြကြပါတယ်။

4-P-800 Oniks/BrahMos anti-ship missile

P-800 ဟာ ဆိုဗီယက်ခေတ်မှာ အစပျိုးတဲ့ အသံထက်မြန်တဲ့ သင်္ဘောဖျက်ဒုံးကျည်ပါ။ နောက်ပိုင်းမှာ အိန္ဒိယ-ရုရ ပူးပေါင်းလုပ်ငန်း BrahMos က တည်ဆောက်ထုတ်လုပ်လာတာ ဖြစ်ပါတယ်။ ဒီလက်နက်ကို သင်္ဘောပေါ်၊ ရေငုပ်သင်္ဘောပေါ်၊ စစ်လေယာဉ်ပေါ်နဲ့ မြေပြင်ကနေ ပစ်လွှတ်တိုက်ခိုက်နိုင်ပါတယ်။ ကနဦး ဒီဇိုင်းထုတ်ချိန်မှာ သင်္ဘောဖျက်လက်နက်အဖြစ် ထုတ်လုပ်တာဖြစ်ပေမယ့် မြေပြင်ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာလည်း သုံးနိုင်လာတာ ဖြစ်ပါတယ်။ အကွာအဝေး အကြမ်းဖျင်းအနေနဲ့ ၁၈၆ မိုင်အထိ ပစ်လွှတ်နိုင်တာကြောင့် အမေရိကန် ရေတပ်က Harpoon သင်္ဘောဖျက်ဒုံးကျည်ထက် အကွာအဝေး ပိုရောက်တာ ဖြစ်ပါတယ်။

အမေရိကန်ရေတပ်သတင်းရင်းမြစ်တွေ ဒီရုရှ-အိန္ဒိယ ပေါင်းထုတ်တဲ့ BrahMos သင်္ဘောဖျက်ဒုံးကျည်ဟာ တကယ်အန္တရာယ်အဖြစ် ပြောဆိုပါတယ်။ ဒါပေမယ့် အသေးစိတ်တော့ မဖော်ပြကြပါဘူး။ တစ်ချို့သော ကြားသတင်းတွေအရ အမေရိကန်ရဲ့ ရှိဆဲ သင်္ဘောကာကွယ်ရေးစနစ်ကို ဒုက္ခပေးနိုင်တဲ့ ဒုံးကျည်အဖြစ် ပြောဆိုကြပါတယ်။

5-Type 53-65 wake-homing torpedo

သင်္ဘောဖျက်ဒုံးကျည်တွေအပေါ် စိတ်ဝင်စားမှု မြင့်မားနေစဉ်မှာ ရေငုပ်သင်္ဘောက ပစ်လွှတ်မယ့် torpedoes ဒုံးကျည်တွေက ရေမျက်နှာပြင်ပေါ်က အမေရိကန်ရေတပ်သင်္ဘောတွေအတွက် အန္တရာယ်ဆိုး ဖြစ်နေဆဲပါ။ ရေတပ်တွေ ရင်ဆိုင်ရမယ့် အန္တရာယ်အကြီးဆုံး ဖြစ်ကောင်းဖြစ်နိုင်တဲ့ တော်ပီဒို သင်္ဘောဖျက်ဒုံးကျည်ကတော့ ရုရှလုပ် ပစ်မှတ်တန်းမတ် တော်ပီဒိုတွေပဲ ဖြစ်ပါတယ်။ ဒီ Wake-homing တော်ပီဒိုတွေမှာ အာရုံခံဆင်ဆာပါပြီး ဖြတ်သန်းသွားတဲ့ သင်္ဘောတွေရဲ့ ရေထဲ ပန်ကာလည်ပတ်မှုကို အာရုံခံနိုင်ပါတယ်။ လှိုင်းထန်တဲ့ အခြေအနေမှာလည်း မြွေလိမ်မြွေကောက်လမ်းကြောင်းမျိုးနဲ့ ပစ်မှတ်ဆီကို ဦးတည်သွားနိုင်တာ ဖြစ်ပါတယ်။ Wake-homing တော်ပီဒိုတွေဟာ ရေတပ်တွေအတွက် ခေါင်းစားစရာ ဖြစ်နေပါတယ်။ ဘာကြောင့်လည်းဆိုတော့ ဒီတော်ပီဒိုဟာ တန်ပြန်တိုက်ခိုက်မှုတွေကို ရှောင်ဖယ်နိုင်ပြီး သင်္ဘောဆီ တိုက်ရိုက်တိုက်ခိုက်နိုင်လို့ပါ။

ဒါအပြင်လည်း ဒီလက်နက်ဟာ ဖျက်စွမ်းအား မြင့်ပြီး ခြိမ်းခြောက်နိုင်တဲ့ လက်နက်ဖြစ်နေပါတယ်။ ဒိ wake-homing တော်ပီဒိုပြဿနာအတွက် တန်ပြန်ဖျက်ဆီးမယ့် anti-torpedo torpedo ATT ကို အမေရိကန်ရေတပ်က တီထွင်ထုတ်လုပ်ပြီး USS George HW Bush လေယာဉ်တင်သင်္ဘောမှာ တပ်ဆင်ထားပါတယ်။ ဒါပေမယ့် ATT တန်ပြန်တော်ပီဒိုဟာ ဘယ်လောက်ထိ ထိရောက်မလဲဆိုတာကတော့ မသိနိုင်သေးပါဘူး။ ရုရှရဲ့ ဒီ wake-homing တော်ပီဒိုကို တရုတ်က ဝယ်ယူထားပြီဖြစ်ပေမယ့် နိုင်ငံဘယ်နှနိုင်ငံလောက် ဝယ်ယူထားတယ်ဆိုတာတော့ မသိရသေးပါဘူး။

Rf; National Interest
Writer_မောင်သံဆင့် ( XYZ News )

Ads