အိန္ဒိယနိုင်ငံဟာ အမေရိကန် ဖိအားတွေ ရှိတဲ့ကြားကနေ ရုရှရဲ့ S-400 လေကြောင်းရန်ကာစနစ်ကို ဝယ်ယူလိုက်ပါတယ်။ S-400 ဒုံးစနစ်ဟာဆိုရင် ဝေဟင်ပစ်မှတ် ၁၆ ခုကို တစ်ကြိမ်တည်းနဲ့ ဒုံးကျည်ပေါင်း ၇၂ စင်းနဲ့ ပစ်ချနိုင်တဲ့ လေကြောင်းရန်ကာစနစ်ပဲ ဖြစ်ပါတယ်။

လေတပ်ရဲ့ စွမ်းပကားကို မြှင့်တင်ပေးမယ်လို့ အိန္ဒိယလေတပ်ဦးစီးချုပ် ဒါနိုယာက ပြောထားတဲ့ ဒီတာဝေးနဲ့ တာလတ်ပစ် လေကြောင်းရန်ကာ ဒုံးစနစ်ဟာဆိုရင် အမေရိကန် ကိုယ်ပျောက်လေယာဉ်တွေနဲ့ အခြားသော ဝေဟင်က ဘယ်လိုပစ်မှတ်မျိုးတွေမဆို အပါအဝင် လေကြောင်းက တိုက်ခိုက်မှုကို ဖျက်ဆီးပစ်နိုင်အောင် ဒီဇိုင်းထုတ် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။

“S-400 မြေပြင်မှ ဝေဟင်ပစ်ဒုံးကျည်စနစ်ကို အိန္ဒိယထံ ရုရှက ပံ့ပိုးရောင်းချခြင်းဖြင့်် နှစ်ဖက်စလုံး ကျေနပ်အားရမှုဖြစ်ရကြောင်း” အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီနဲ့ ရုရှသမ္မတ ဗလာဒီမာပူတင်တို့ အရောင်းအဝယ် လက်မှတ်ထိုးပြီးနောက် ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ပေးပြီး ဝယ်ယူခဲ့တဲ့ S-400 ဒုံးကျည်စနစ်ကို စာချုပ်ချုပ်ပြီးတဲ့ ခုချိန်က စပြီး ၁၂ လအတွင်း ရုရှက အိန္ဒိယထံ ပေးပို့ရမှာဖြစ်ပါတယ်။

“ကမ္ဘာမှာ ဖျက်အားပြင်း လက်နက်စနစ်ပါ။ မတူညီတဲ့ အဆင့်လေးဆင့်နဲ လေကြောင်းရန်ကာကွယ်ရေးကို လုပ်ဆောင်တဲ့ ဒုံးစနစ်ပဲ ဖြစ်ပါတယ်။”လို့ လေတပ်ဒုတိယဗိုလ်ချုပ်ကြီး(ငြိမ်း) မန်မိုဟန်ဘာဟာဒူးက ပြောပါတယ်။

ပါကစ္စတန်နဲ့ တရုတ်လို အိမ်နီးချင်းလည်း ဖြစ်ပြီး ယှဉ်ဖက်တွေလည်းဖြစ်တဲ့ နိုင်ငံတွေကို တုဖက်ပြိုင်နိုင်ဖို့ အိန္ဒိယက ဝယ်ယူလိုက်တဲ့ ခု S-400 လေကြောင်းရန်ကာဒုံးစနစ်နဲ့ အကြောင်း သိသင့််သမျှကတော့—

ဒီလေကြောင်းရန်ကာစနစ်ကို ရုရှဟာ ၁၉၉၉ ခုနှစ်က ပထမဆုံး ထုတ်ဖော်ပြသခဲ့တာ ဖြစ်ပါတယ်။ နောက်ပိုင်းခေတ်မီအောင် တီထွင်ဆန်းသစ်မှုတွေကို ၂၀၀၀ ပြည့်နှစ်တွေမှာ အားစိုက်လုပ်ဆောင်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ စစ်တပ်မှာ စတင်အသုံးပြုလာခဲ့တာပဲ ဖြစ်ပါတယ်။

S-300PMU2 ကို အခြေခံယူတည်ဆောက်တဲ့ S-400 ဒုံးစနစ်မှာ တိုက်ခိုက်မှုထိန်းချုပ်တာလွှတ်ရာ၊ ဝေဟင်ပစ်မှတ်ကို ထောက်လှမ်းတဲ့ သုံးမျိုးပေါင်းစုံ ရေဒါဖမ်းယူမှု၊ နောက်တွဲယာဉ်ကြီးမှ ဒုံးလွှတ်စင်၊ နည်းပညာပံ့ပိုးမှုစနစ်၊ ဒုံးကျည်သယ်ပို့ယာဉ်တွေ စတာတွေ ပေါင်းစည်းပါဝင်နေတဲ့ လေကြောင်းကာကွယ်ရေး စနစ်ပဲ ဖြစ်ပါတယ်။

ဒီအပြင်လည်း S-400 ဒုံးစနစ်မှာ ဝေဟင်ထောက်လှမ်းရေးရေဒါတွေနဲ့ ကောင်းကင်တိုင်ထူဖို့ ရွှေ့လျားမျှော်စင်တွေပါ ပေါင်းစပ်ထည့်သွင်းနိုင်တာ ဖြစ်ပါတယ်။ ပစ်မှတ်ကို ဖမ်းယူတဲ့ အကွာအဝေးဟာဆိုရင်လည်း ကီလိုမီတာ ၆၀၀ ပတ်လည်ဝန်းကျင်က ပစ်မှတ်တွေကို ထောက်လှမ်းဖမ်းယူနိုင်တာဖြစ်ပြီး ငါးကီလိုမီတာက ကီလိုမီတာ ၆၀ ကြား ကွဲပြားတဲ့ အမျိုးမျိုးသေသာ အကွာအဝေးက ပစ်မှတ်တွေကို ဒီစနစ်က ဗျူဟာမြောက် ပဲ့ထိန်းဒုံးတွေက ပစ်ချနိုင်တာဖြစ်ပါတယ်။

Rf; India Today/Deccan Chronicle
Writer_မောင်သံဆင့် (XYZ News )

Ads