ဖေဖော်ဝါရီလ ၂၀ ရက်၊ ကြာသပတေးနေ့က လန်ဒန်ရှိဗလီတစ်ခုအတွင်း အသက် ၇၀ နှစ်ရှိ ဝတ်ပြုအဖွဲ့ခေါင်းဆောင်တစ်ဦး ဓားထိုးခံခဲ့ရပြီး ၎င်းလူသတ်မှုသံသယရှိသူကို ဖမ်းဆီးခဲ့တယ်လို့ ရဲနဲ့ဗလီတာဝန်ရှိသူများက ပြောကြားခဲ့ပါတယ်။

၎င်းတိုက်ခိုက်သူကို ရဲတွေရောက်လာပြီး မဖမ်းဆီးခင်အထိ ဝတ်ပြုဆုတောင်းသူတွေက ဖမ်းဆီးထားခဲ့တယ်လို့ London Central Mosque Trust က ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
ထိုဝတ်ပြုအဖွဲ့ခေါင်းဆောင်ဟာ အသက်အန္တရာယ်ဖြစ်စေနိုင်တဲ့ဒဏ်ရာမရရှိခဲ့ပေမယ့်လည်း ပြင်းထန်တဲ့ဒဏ်ရာကြောင့် ဆေးရုံမှာကုသမှုခံယူနေရပါတယ်။

လန်ဒန်မြို့တော်ရဲတပ်ဖွဲ့ကပြောကြားရာမှာတော့ ယခုတိုက်ခိုက်မှုမှာ အကြမ်းဖက်မှုနဲ့ဆက်နွယ် နေတာမဖြစ်နိုင်ဘူးလို့ စုံထောက်တွေကယုံကြည်ကြောင်း ပြောကြားခဲ့ပါတယ်။
‘ဝတ်ပြုဆုတောင်းပွဲတွေကိုတက်ရောက်နေခဲ့တယ်လို့ယုံကြည်ရတဲ့ အသက် ၂၉ နှစ်အရွယ်အမျိုးသား တစ်ဦးကို လူသတ်မှုနဲ့ပတ်သက်ပြီးသံသယရှိမှုကြောင့် ဗလီမှာဖမ်းဆီးခဲ့တာဖြစ်တယ်’လို့ ကြေညာချက်မှာထပ်မံပြောကြားခဲ့တာပါ။

တွစ်တာမှာတင်ထားတဲ့ပုံတွေအရ ရဲအရာရှိများက Regents ပန်းခြံအနီးရှိ ဗလီဝတ်ပြုဆုတောင်းခန်းမမှာ လူတစ်ဦးကိုဖမ်းဆီးပြီး ခေါ်ဆောင်သွားတဲ့ပုံတွေတွေ့ရပါတယ်။
မျက်မြင်သက်သေတစ်ဦးက တိုက်ခိုက်မှုဖြစ်ပွားနေစဉ်မှာ ဗလီအတွင်း ဝတ်ပြုသူ ၁၀၀ ခန့်ရှိနေပြီး လူ ၂၀ ခန့်က ၎င်းရန်ပြုသူကို ခုန်အုပ်ပြီးဝိုင်းချခဲ့ကြတယ်လို့ဆိုပါတယ်။
‘အော်သံကြားပြီး သွေးတွေထွက်နေတာမြင်ခဲ့ရတယ်’လို့ နာမည်အပြည့်အစုံပြောပြဖို့ ငြင်းဆိုခဲ့တဲ့ မျက်မြင်သက်သေကပြောကြားခဲ့ပါတယ်။

ကြာသပတေးနေ့အဖြစ်အပျက်မတိုင်မီ ၆ လခန့်က ဗလီလာတက်နေသူတစ်ဦးဟာ အဆိုပါဝတ်ပြု အဖွဲ့ခေါင်းဆောင်ရဲ့ပုခုံးပေါ်ကို ဓားနဲ့ထိုးခဲ့တယ်လို့ သူကဆိုပါတယ်။
ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်ကတော့ ယခုတိုက်ခိုက်မှုကိုကြားသိပြီး အလွန်ဝမ်းနည်းရတယ်လို့ ပြောကြားခဲ့ပါတယ်။

“ဒီဖြစ်ရပ်ဟာ ဆိုးဝါးတယ်၊ အထူးသဖြင့် ဝတ်ပြုဆုတောင်းတဲ့နေရာမှာဖြစ်တာက အလွန်ဆိုးတယ်။ ဓားထိုးခံရသူနဲ့ ထိခိုက်သူအားလုံးနဲ့ ထပ်တူ ကြေကွဲဝမ်းနည်းရပါတယ်”လို့လည်း ဂျွန်ဆင်က တွစ်တာမှာ ပြောကြားခဲ့ပါတယ်။

Ref; CNA
Writer_Aung Moe ( XYZ News )

Ads