စစ်အေးခေတ်က လျှို့ဝှက် ခိုငှက်သူလျှိုမစ်ရှင်အကြောင်းကို CIA က အဆင့်လျှော့ချထုတ်ပြန်ချက်အရ သိရပါတယ်။

အဲဒီ အဆင့်လျှော့ချထုတ်ပြန်တဲ့ CIA ဖိုင်တွေမှာ ဆိုဗီယက်ပြည်ထောင်စုအတွင်းက ထိလွယ်ရှလွယ် နေရာတွေကို ဓာတ်ပုံရိုက်ယူပြီး ပုန်းလျှိုးကွယ်လျှိုးမစ်ရှင် ဆောင်ရွက်တတ်အောင် ခိုတွေကို လေ့ကျင့်သင်ကြားခဲ့တာကို ဖော်ပြထားပါတယ်။

ဒါအပြင် ကျီးကန်းတွေကို ပြတင်းပေါက် ထောင့်စွန်းကနေ လျှို့ဝှက်ကိရိယာတွေ ပစ်ချတတ်အောင်နဲ့ လင်းပိုင်တွေကိုလည်း ရေအောက်မစ်ရှင်တွေ ဆောင်ရွက်တတ်အောင် လေ့ကျင့်သင်ကြားပေးတာကို အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

တိရစ္ဆာန်တွေဟာ ဌာနရဲ့ ပုန်းလျှိုးကွယ်လျှိုးစစ်ဆင်ရေးတွေအတွက် ပြိုင်ဖက်ကင်းစွမ်းဆောင်ပေးနိုင်တယ်လို့ CIA က ယူဆထားပါတယ်။

၁၉၇၀ ခုနှစ်တွေက Tacana လို့ ကုဒ်နိမ်းပေးထားတဲ့ သူလျှိုမစ်ရှင်တွေမှာ ကင်မရာတပ်ပေးထားတဲ့ ခိုငှက်တွေနဲ့ အလိုအလျှောက် ဓာတ်ပုံရိုက်ယူတာတွေကို လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ဒီလို အသုံးချစေခိုင်းရာမှာ ခိုတွေရဲ့ လုပ်ဆောင်ချက်ဟာ ပြိုင်ဖက်ကင်းဆိုရမလောက် အံ့သြဖွယ် စွမ်းဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ခိုတွေဟာ စပိုင်ကိရိယာတွေကို သွားရောက် ချထားပြီး မိုင်ရာချီတဲ့ ခရီးကို ဖြတ်သန်းရင်း မူလနေရာဆီ ပြန်လည်ပျံသန်းလာနိုင်ကြပါတယ်။

ဆက်သွယ်ရေးအတွက် ခိုတွေကို လွန်ခဲ့တဲ့ နှစ်ထောင်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြတာဖြစ်ပေမယ့် ပထမကမ္ဘာစစ်ကစပြီး ထောက်လှမ်းရေးအတွက် အသုံးပြုလာခဲ့တယ်လို့ ထုတ်ပြန်ချက်ကို ကိုးကားပြီး ဘီဘီစီ သတင်းက ဖော်ပြပါတယ်။

ဒုတိယကမ္ဘာစစ်မှာတော့ ဗြိတိန်ထောက်လှမ်းရေးနဲ့ လူသိနည်းတဲ့ ဌာနခွဲဖြစ်တဲ့ MI14(d) ဟာ လျှို့ဝှက်ခိုစပိုင်ဆိုတဲ့ စစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ပါတယ်။

အဲဒီ စစ်ဆင်ရေးမှာ သိမ်းပိုက်ခံ ဥရောပနယ်မြေပေါ် ခိုတွေကို သေတ္တာတွေထဲ ထည့်ရင်း လေထီးနဲ့ ပစ်ချခဲ့ပါတယ်။

ဒီလို စေလွှတ်ခဲ့တဲ့ ခိုကောင်ရေ ၁၀၀၀ ကျော်ဟာ V1 ဒုံးလွှတ်စင်နေရာတွေ၊ ဂျာမန်ရေဒါစခန်းတွေ စတာတွေကို သတင်းအချက်အလက် သယ်ဆောင်ရင်း ပြန်လည်ရောက်ရှိလာခဲ့တယ်လို့ အဆိုပါ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဗြိတိန်ရဲ့ စပိုင်ခိုအော်ပရေးရှင်းတွေကို တစ်ခန်းရပ်ခဲ့ပေမယ့် CIA ကတော့ ဆက်လက်ပြီး ခိုတွေရဲ့ စွမ်းဆောင်ရည်ကို ရယူပြီး စစ်အေးကာလမှာ သူလျှိုလုပ်ငန်းတွေ ခြေလှမ်းသွက်သွက် လုပ်ဆောင်ခဲ့တာပဲ ဖြစ်ပါတယ်။

Rf; Xinhua
Writer_ မောင်သံဆင့်(XYZ News)

Ads