တရုတ်နိုင်ငံက အိမ်မွေးတိရစ္ဆာန်ဟိုတယ်မှာ ကြောင်မြီးတိုကြီးတစ်ကောင်က တစ်ညတည်းမှာ အမငါးကောင်နဲ့ မိတ်လိုက်တာကြောင့် ဂလူးကို့စ်ပါ သွင်းယူလိုက်ရပါတယ်။

အဲဒီလို မိတ်လိုက်ကောင်းတာကြောင့် ရှောက်ပီဆိုတဲ့ ကြောင်ဟာ ခပ်မျော့မျော့သာ ကျန်တော့တာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။

တောင်ပိုင်း ကွမ်တုံပြည်နယ်က ကျို့ဇနီးမောင်နှံဟာ ရှောက်ပီကို တိရစ္ဆာန်ဂေဟာမှာ တစ်ရက်သာ လာထားတာ ဖြစ်ပါတယ်။

အဲဒီလို အပြင်ထွက်ရတဲ့ တစ်ရက်တာကို ကြောင်ထီးကြီး ရှောက်ပီက အပြည့်အ၀ အသုံးချလိုက်ပုံက ဂေဟာက အခြား ကြောင်မတွေနဲ့ မိတ်လိုက်ပျော်ပါးတော့တာ ဖြစ်ပါတယ်။
ကျို့ဇနီးမောင်နှံ ရှောက်ပီကို ပြန်လာခေါ်တဲ့အချိန်မှာတော့ ရှောက်ပီဟာ အခြေအနေမဟန်တာကို တွေ့ရတာပါ။ ဂေဟာထဲမှာ ရှောက်ပီ ထင်ရာလျှောက်သွားနေတာကိုလည်း တွေ့ပါတယ်။

အဲဒီအတွက် ဂေဟာက တိရစ္ဆာန်တွေကို ကောင်းကောင်း မစောင့်ရှောက်တာအတွက် ကျို့ဇနီးမောင်နှံက လူမှုမီဒီယာမှာ ဖွပါတော့တယ်။ “ည ၁၀ နာရီ ၄၀ ကနေ နံနက် ၅ နာရီအတွင်း ကျွန်တော့် ကြောင် ရှောက်ပီဟာ ဂေဟာက ကြောင်မငါးကောင်နဲ့ မိတ်လိုက်တာ စီစီတီဗီကနေ တွေ့ရတယ်။ ဂေဟာက ကောင်းကောင်း စောင့်ရှောက်နေတာ မဟုတ်တာကို ပြနေတာပဲ။”လို့ ကျို့က ရေးပါတယ်။

ပျော့ကျသွားတဲ့ ရှောက်ပီကို ဂလူးကို့စ် သွင်းပေးပြီး ကုသစောင့်ရှောက်ရကြောင်း ကျို့က ပြောပါတယ်။ နောက်ပိုင်းမှာ ဂေဟာက တောင်းပန်လာပြီး ရှောက်ပီကို ကုသရတဲ့ စရိတ်ကို ဒကာခံလာခဲ့ပါတယ်။

ဒါအပြင် ဇီးတင်သွားမယ့် ကြောင်မတွေရဲ့ ပိုင်ရှင်တွေကို လျော်ကြေးအနေနဲ့ ယွမ်ငွေ ၅၀၀ စီ ဂေဟာက ပေးသွားမယ်လို့ ဆိုပါတယ်။

အခုချိန်မှာ ရှောက်ပီက ပြန်လည်ထူထူထောင်ထောင် ဖြစ်လာခဲ့ပါတယ်။

Rf; All India Roundup
Writer_ မောင်သံဆင့်(XYZ News)

Ads