ပစ်ခတ်–၊ ရွေ့လျား–၊ ဆက်သွယ်–၊ ကျော်လွှား–၊ ကာကွယ်–၊ ထောက်မ–။ အင်္ဂါခြောက်ရပ်ကို စွမ်းဆောင်ရည် မြှင့်တင်ထားတဲ့ အနာဂတ် စစ်သည်တော် ၀တ်စုံဟာ အမေရိကန်ရဲ့ စိတ်ကူးဖော်ဆောင်နေမှုပါ။ အနာဂတ် လင်းယုန်စစ်သားတွေကို တပ်ဆင်ပေးမယ့် ဒီစစ်ဝတ်စုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ရသလောက် အချက်အလက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

ပုတ်သင်ညို စွမ်းရည်

ဒီ အနာဂတ် စစ်သည်ဝတ်စုံဟာ အရောင်ပြောင်းနိုင်ပါတယ်။ ရွေ့လျားနဲ့ ကာကွယ် စစ်အင်္ဂါရပ်ကို ဖြည့်ဆည်းပြီး ပတ်ဝန်းကျင်နဲ့ လိုက်လို့ အရောင် ပြောင်းလဲနိုင်အောင် တီထွင်နေတာပါ။ မြို့ပြစစ်မြေမှာဆို မြို့ပြနဲ့ လိုက်လျောညီထွေပြီး တစ်သားတည်း ဖြစ်စေမယ့် အရောင်၊ တောတွင်းမှာဆို တောအရောင် ပြောင်းလို့ တစ်သားတည်း ဖြစ်စေမယ့်အရောင်၊ ကန္တရာအရောင် စတဲ့ ပတ်ဝန်းကျင်မှာ ထင်ထင်ရှားရှားမဖြစ်စေဘဲ မျက်စိမှောက်စေမယ့် ရောက်ရာပတ်ဝန်းကျင်ကိုလိုက်ပြီး အရောင်ပြောင်းနိုင်တာပါ။ ဆန်းသစ်သော ချုပ်လုပ်မှု၊ ချည်သား၊ ချောမွေ့ခြင်း စတာတွေနဲ့ စစ်ဝတ်စုံပါပဲ။ စစ်သည်တော်ရဲ့ ကျန်းမာရေးကို ထောက်လှမ်းပေးနေခြင်း စနစ်လည်း ပါ၀င်ပါတယ်။ စစ်သည်တော်သုံး နည်းပညာပစ္စည်းတွေအတွက် ဒီစစ်ဝတ်စုံကနေပဲ အချက်အလက်တွေ ဖြည့်ဆည်းပေးထားသလို ပါ၀ါလည်း ဖြန့်ပေးထားတာပါ။

တွင်းအောင်းစွမ်းရည် MicroClimate Vest

တွင်းအောင်းတဲ့ မြွေလို သတ္တဝါတွေမျိုးဟာ အပူချိန်ကို ထိန်းညှိနိုင်တဲ့ သဘာဝမျိုးဗီဇတွေ ရှိထားပါတယ်။ အနာဂတ် စစ်သည်တော် ၀တ်စုံမှာလည်း အသေးစား ရာသီထိန်း ခန္ဓာခါးပတ် ပါရှိပါတယ်။ ဒီ ရာသီထိန်း ကိုယ်ပတ်ကိရိယာကနေပြီး ကိုယ်ခန္ဓာ အပူချိန်နဲ့ အအေးဓာတ်တို့ကို ချိန်ညှိပေးတယ်။ ပြီးတော့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

ထောက်ကန်အရိုးပို Exo-Skeleton

အနာဂတ် စစ်ဘောင်းဘီရဲ့ နည်းပညာမြင့် လူသားစွမ်းရည် မြှင့်တင်မှုပါ။ ဘောင်းဘီမှာ ပါရှိတဲ့ ဒီအရိုးပို နည်းပညာ ကိရိယာဟာ ပင်ကို စစ်သားရဲ့ ကာယအစွမ်းကို ပံ့ပိုးပြီး ပိုမိုအားကောင်းစေပါတယ်။ လှုပ်ရှား၊ ရွေ့လျားမှု အရှိန်ကို ပိုမြန်ဆန် သွက်လက်စေတယ်။ ၀န်သယ်နိုင်စွမ်း ပိုအားကောင်းတယ်။ ပြောရရင် ကာယဗလအား ပိုကြီးထွားစေတယ်။ အရိုးကျိုးပဲ့မှုတွေ နည်းပါးစေတယ်။

ဆက်သွယ်မှု ယန္တရား Soldier Communication and Mobile Data

စစ်ကွင်းထဲက စစ်သားတစ်ဦးကို ဆက်သွယ်ရေး ကွန်ရက် ဖြန့်ပေးထားတာပါ။ ဆက်သွယ်မှု ယန္တရားလို့ အဆီလျော်ဆုံး ပြောနိုင်မယ် ထင်ပါတယ်။ ဒီ နည်းပညာကတော့ စစ်တလင်းဆီ သက်ဆင်းရတဲ့ စစ်သည်တော်အတွက် မမြင်ကွယ်ရာက ပုံရိပ်တွေကို အာရုံခံထောက်လှမ်းပေးထားပါတယ်။ စစ်သားဆီ သတင်းအချက်အလက်တွေ၊ အကဲဖြတ်ချက်တွေနဲ့ မြင်ကွင်းတွေကို ပေးပို့ပေးနေပါတယ်။ စစ်သားရဲ့ အချက်အလက်တွေကိုလည်း စီမံပေးနေပြီး ကူညီထောက်ပံ့မှုအတွက် လှမ်းတောင်းခံနိုင်ပါတယ်။ လက်ငင်းအချိန် ခင်းကျင်းရမယ့် သေနင်္ဂဗျူဟာကိုလည်း ချိတ်ဆက်ပေးထားတယ်။ ခံစစ်၊ ထိုးစစ် ဗျူဟာနှစ်ရပ် အနေအထားနဲ့ စစ်သည်တော်ကို ချိတ်ဆက်မပြတ်စေတာပဲ ဖြစ်ပါတယ်။

လူသားဒိုင်မေးရှင်း

စစ်ရေးလေ့ကျင်းခန်းနဲ့ စိတ်ဓာတ်စေ့ဆော်မှုတွေကို ပေးပါတယ်။ အနာဂတ် စစ်သည်တော် ၀တ်စုံမှာ အာရုံကြောအင်ဂျင်နီယာရင်းလို့ ခေါ်တဲ့ စစ်သည်ရဲ့ အာရုံကြောကို ထောက်လှမ်းစောင့်ကြည့်ရာလည်း ပါ၀င်ပါတယ်။ လူသားပြုမှုဆောင်ရွက်မှုကိုပါ ထိန်းမတ်ပေးတယ် ဆိုပါတယ်။ ဒါအပြင် စစ်သည်ရဲ့ လိုအပ်အာဟာရကို ဖြည့်စွက်ပေးတာ၊ စိတ်ဓာတ်အခြေအနေကို စောင့်ကြည့်တာတွေလည်း ပါ၀င်နေပါတယ်။

ခေတ်ဆန်းလက်နက်စနစ်

အနာဂတ် စစ်သားတွေ ကိုင်ဆောင်ရမည့် ခေတ်ဆန်းလက်နက်ပါ။ သင့်မြတ်တဲ့ မြင်ကွင်းစနစ်၊ စစ်သားတစ်ဦးရဲ့ ပစ်မှတ်ကို တပ်ဖွဲ့တွင်း အခြားစစ်သားတစ်ဦးပါ သိရှိနိုင်တဲ့ စနစ်တွေနဲ့ ပေါ့ပါးတဲ့ လက်နက်တွေ ဖြစ်ပါတယ်။ ပစ်မှတ်များစွာကို လျင်မြန်စွာ ချိန်ထိုးပစ်ခတ်နိုင်မှုနဲ့ ကွက်တိကျ အနုစိတ်တဲ့ သက်ရောက်မှုအတွက် အလုံးစုံအလိုအလျောက် ပစ်ခတ်မှု စနစ်တွေလည်း ပါရှိထားပါတယ်။

ဘက်ပေါင်းစုံ ကာကွယ်ရေး စနစ်

ဘက်ပေါင်းစုံ ပတ်လည် ခေါင်း၊ နား၊ မျက်စိ စတာတွေကို ကာကွယ်ပေးထားတဲ့ စစ်သည်တော် ဦးဆောင်းပါ။ ကိုယ်ထည်ဝတ်စုံရဲ့ ကာကွယ်ရေးစနစ်ဟာလည်း ပေါ့ပါးတဲ့ မော်ဂျူးသံချပ်ကာ ၀တ်စုံပါ။ သဘာဝ ပတ်ဝန်းကျင်ကနေလည်း ကာကွယ်ပေးနိုင်ပါတယ်။ ဇီဝမျိုးစိတ်တွေကလည်း ကာကွယ်ပေးပါတယ်။ ဘက်ပေါင်းစုံ အာရုံခံဆင်ဆာစနစ်လည်း ပါရှိထားတာ ဖြစ်ပါတယ်။

နည်းပညာမြင့် စစ်ဦးဆောင်း

တုန်ခါမှု၊ သက်ရောက်မှုတွေကို ကာကွယ်ခုခံနိုင်စွမ်း၊ အရွေ့အလှုပ် အငြိမ်အသက် စောင့်ကြည့်နိုင်စွမ်း မျက်မှန်၊ ခြိမ်းခြောက်မှု အာရုံခံကိရိယာ၊ Audio/Visual စေ့ဆော်မှု၊ အသက်ရှုမှုဆိုင်ရာ အကာအကွယ်စနစ်၊ နေ့ည မြင်ကွင်း ကြည့်ရှုစနစ်တွေနဲ့ တီထွင်ထားတဲ့ စစ်ဦးဆောင်းပဲ ဖြစ်ပါတယ်။

စစ််လွယ်အိတ်

ခုလက်ရှိခေတ် စစ်ကျောပိုးအိတ်တွေနဲ့ ယှဉ်ကြည့်ကြပါစို့။ အနာဂတ် စစ်သားတွေရဲ့ ကျောပိုးအိတ်ကတော့ စစ်ဝတ်စုံတစ်ခုလုံးအတွက် ဘတ္တရီနဲ့ ပါ၀ါစနစ်တွေအတွက်ပဲ ဖြစ်ပါတယ်။ ပါ၀ါထုတ်လုပ်ခြင်း၊ ကူးပြောင်းခြင်း၊ စွမ်းအင်သိုလှောင်ခြင်း၊ ပါ၀ါ စီမံခန့်ခွဲဖြန့်ဝေခြင်း၊ ကြိုးမဲ့ပါ၀ါဖြန့်ဝေခြင်းတွေကို လုပ်ဆောင်ပေးတာက အဓိကပဲ ဖြစ်ပါတယ်။

Rf; U.S. Army Natick Soldier Research
Writer_မောင်သံဆင့် ( XYZ News )

Ads