တူရကီ-ဆီးရီးယားနယ်စပ်မှာ ဖေဖော်ဝါရီ ၁၃ ရက် ညအချိန်က တူရကီစစ်ဘက်တင့်ကား တွေကို ဖြန့်ကြက်ခဲ့ပါတယ်။တူရကီကာကွယ်ရေးဝန်ကြီးက အစ်ဒလစ်ပြည်နယ် အပစ်ရပ်ရေးကို ချိုးဖောက်တဲ့ သူပုန်အဖွဲ့တွေကို အင်အားသုံးသွားမယ်လို့လည်း သတိပေးထားပါတယ်။

တူရကီဟာ အစ်ဒလစ်ပြည်နယ်မှာရှိ ဆီးရီးယားသမ္မတ အာဆတ်ကို ဆန့်ကျင်တဲ့ သူပုန်တချို့ နဲ့ မဟာမိတ်ဖွဲ့ထားပါတယ်။ပြီးခဲ့တဲ့ သီတင်းတစ်ပတ်ကျော်က ဆီးရီးယားအစိုးရတပ်တွေကြောင့် တူရကီစစ်သား ၁၃ ယောက် သေဆုံးပြီးနောက် တူရကီက တပ်ဖွဲ့ဝင်၊ လက်နက်နဲ့ ပစ္စည်းအင်အားတွေကို တိုးမြှင့်ခဲ့ပါတယ်။

တူရကီသမ္မတ အာဒိုဂန်က နောက်ထပ် တူရကီ စစ်သားတယောက် သေဆုံးတာနဲ့ ဆီးရီးယားစစ်တပ်ကို တိုက်မယ်လို့ သတိပေးထားသလို ဆီးရီးယား အရပ်သားတွေကို ပစ်မှတ်ထား တဲ့ ရုရှားကိုလည်း ပြစ်တင်ခဲ့ပါတယ်။

အပြန်အလှန် ရုရှားကလည်း တူရကီဟာ သူနဲ့လုပ်ထားတဲ့ သဘောတူညီချက်ကို မလိုက်နာဘဲ အစ်ဒလစ်ပြည်နယ် အခြေအနေကို ဆိုးရွားအောင် လုပ်နေတယ်လို့ စွပ်စွဲလိုက်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကစလို့ တူရကီဟာ အစ်ဒလစ်ပြည်နယ်က သူရဲ့ စစ်ဘက်စခန်းတွေဆီ တပ်ဖွဲ့ဝင် ၁၀၀၀ ကျော် စေလွှတ်ခဲ့ပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)