တရုတ်နိုင်ငံ၊ ဟူဘေးပြည်နယ်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖေဖော်ဝါရီ ၁၄ ရက်ထိ သေဆုံးသူ ၁၃၈၀ နဲ့ ကူးစက်ခံရသူ ၆၃၈၅၁ ဦး ရှိပြီလို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်နေ့ တနေ့တည်းမှာ သေဆုံးသူ ၁၁၆ ယောက်နဲ့ ထပ်မံကူးစက်ခံရသူ ၄၈၂၃ ယောက် ရှိခဲ့ပါတယ်။

ဒါကြောင့် ဖေဖော်ဝါရီ ၁၄ ရက် စာရင်းတွေအရ ကမ္ဘာတဝှမ်းသေဆုံးသူ ၁၃၈၃ ယောက် ရှိပြီး ကူးစက်ခံရသူ ၆၄,၄၃၈ ယောက် ရှိပါတယ်။ ဒါ့အပြင် ဗိုင်းရပ်စ်ကူးစက်ခံရပြီး ပြန်ကောင်းလာသူဟာ ၇၀၈၀ ရှိတယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီ ၁၃ ရက်က အသက် ၈၀ အရွယ် ဂျပန်အမျိုးသမီးတဦး ကိုရိုနာဗိုင်းရပ်စ်နဲ့ သေဆုံးခဲ့တယ်လို့ ဂျပန်အာဏာပိုင်တွေက ပြောကြားပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဂျပန်၊ ဟောင်ကောင်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့မှာ ၁ ဦးစီ သေဆုံးခဲ့ပါတယ်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ကိုရိုနာဗိုင်းရပ်စ်ဟာ တရုတ်နိုင်ငံ ပြင်ပမှာ ကူးစက်မှု သိပ်မမြင့်မားဘူးလို့ ပြောကြားပါတယ်။

ခြွင်းချက်တခုအနေနဲ့ ဂျပန်ဆိပ်ကမ်းမှာ ကမ်းကပ်ထားတဲ့ Diamond Princess အပျော်စီးသင်္ဘောပေါ်မှာ နောက်ထပ် ကူးစက်ခံရသူ ၄၄ ယောက်တွေ့ရှိပြီး စုစုပေါင်းကူးစက်ခံရသူ ၂၁၈ ယောက်အထိ ရှိလာပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးနှုန်းနဲ့ ပြင်းထန်နှုန်း ပုံစံတွေမှာ သိသိသာသာ အပြောင်းအလဲမရှိဘူးလို့လည်း WHO က ထုတ်ပြန်ထားပါတယ်။

(ယခုသတင်းကို DVB Multimedia Group ထံမှ တရားဝင်ဝယ်ယူပြီး ပြန်လည်ဖော်ပြပါသည်)

Ads