ဆိုရှယ်မီဒီယာပေါ် သတင်းမှားများနဲ့ မတိကျတဲ့အကြံဉာဏ်တွေအပါအဝင် သတင်းအမှားတွေ ထွက်ပေါ်လာခြင်းဟာ တရုတ်နိုင်ငံမှာ ယခုလက်ရှိပျံ့နှံ့နေတဲ့ Covid-19 ကိုရိုနာဗိုင်းရပ်စ်ကူး စက်ရောဂါကဲ့သို့သော ရောဂါဖြစ်ပွားမှုတွေကို ပိုမိုဆိုးရွားစေနိုင်တယ်လို့ ဖေဖော်ဝါရီလ ၁၄ ရက်၊ သောကြာနေ့မှာ ထုတ်ပြန်တဲ့သုတေသနတစ်ရပ်အရ သိရပါတယ်။

ရောဂါကူးစက်ပျံ့ပွားမှုကို သတင်းအမှားတွေပျံ့နှံ့မှုက ဘယ်ပုံ ပိုမိုဆိုးရွားစေသလဲဆိုတာကို ဆန်းစစ်တဲ့အခါမျာ ဗြိတိန်ရဲ့ East Anglia တက္ကသိုလ် (UEA)က သိပ္ပံပညာရှင်တွေကတော့ လူတွေက သတင်းအမှားတွေ ဝေမျှနေကြတာကို အောင်အောင်မြင်မြင် တားဆီးနိုင်မယ်ဆိုရင် အသက်ပေါင်းများစွာကို ကူညီကယ်တင်နိုင်လိမ့်မယ်လို့ ပြောကြားပါတယ်။

ထိုလေ့လာမှုကိုတွဲဖက်ဦးဆောင်သူ UEA ဆေးပညာပါမောက္ခ ပေါလ်ဟန်တာက ‘‘Covid-19 နဲ့ပတ်သက်ပြီး ဗိုင်းရပ်စ်ဘယ်လိုဖြစ်ပေါ်လာတယ်၊ ဘယ်လိုဖြစ်ပွားရတယ်နဲ့ ဘယ်လိုပျံ့နှံ့တယ်ဆိုတဲ့ အကြောင်း ထင်ကြေးတွေ၊ သတင်းမှားတွေနဲ့ ယုတ္တိမရှိတဲ့သတင်းတွေ အင်တာနက်ပေါ်မှာ အများအပြားထွက်ပေါ်လာနေတယ်’လို့ ဆိုပါတယ်။

‘သတင်းမှားတွေက မကောင်းတဲ့အကြံဉာဏ်တွေကို အလွန်လျင်မြန်စွာဖြန့်ဝေနိုင်ပြီး လူတွေရဲ့ အပြုအမူတွေကိုပြောင်းလဲစေနိုင်ပြီး ပိုမိုအန္တရာယ်များစေပါတယ်’လို့ သူကထပ်မံပြောကြားခဲ့ပါတယ်။ သုတေသနမှာ ပရော်ဖက်ဆာ ပေါလ်ဟန်တာရဲ့အဖွဲ့က အခြားကူးစက်ရောဂါသုံးမျိုးဖြစ်တဲ့ တုပ်ကွေး၊ ကျောက်ရောဂါနဲ့ နိုရိုဗိုင်းရပ်စ် တို့ကိုအထူးသုတေသနပြုလုပ်ဆောင်ခဲ့ကြပေမယ့် သူတို့ရဲ့ တွေ့ရှိချက်တွေဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကိုဖြေရှင်းရာမှာလည်းအသုံးဝင်ကြောင်း ပြောကြားခဲ့ပါတယ်။

သတင်းအမှားတွေကို မတိမကျနဲ့ ထုတ်လုပ်နေကြသလို၊ လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေအပေါ်မှာ အခြေစိုက်ထားတာများပါတယ်လို့လည်း ပါမောက္ခ ဟန်းတားက ပြောပါတယ်။ သောကြာနေ့က ဂျာနယ်တွေမှာ ထုတ်ပြန်ခဲ့တဲ့ လေ့လာမှုတွေမှာတော့ သုတေသီတွေက နိုရိုဗိုင်းရပ်စ်၊ တုပ်ကွေးနဲ့ ကျောက်ရောဂါတွေ ဘယ်လို ကူးစက်ပျံ့ပွားသွားသလဲဆိုတာကို သဘောတရားပုံစံတူတွေ ဖန်တီးပြခဲ့ကြပါတယ်။

သူတို့ရဲ့ သဘောတရားပုံစံတွေမှာ တကယ့်စရိုက်ကို လေ့လာချက်တွေလည်းပါသလို၊ ရောဂါတွေ ဘယ်ပုံ ပျံ့နှံ့သွားတယ်၊ ပေါက်ဖွားကာလနဲ့ ပြန်ကောင်းချိန်၊ ဆိုရှယ်မီဒီယာပို့စ်တွေ ပျံ့နှံ့နှုန်းနဲ့ တကယ့်သတင်းအချက်အလက်တွေ ဝေမျှမှုကိုလည်း ထည့်သွင်းစဉ်းစားထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာပိုင်တွေအပေါ်မှာ ယုံကြည်မှုနည်းရာကနေ လန်ကြုတ်ဇာတ်လမ်းတွေကို ယုံကြည်သွားတတ်တဲ့ တိမ်းညွှတ်မှုကိုလည်း ထည့်သွင်းစဉ်းစားသလို၊ အွန်လိုင်းပေါ် သတင်းပေါက်ကွဲမှုတွေထဲမှာ လူတွေ ဘယ်လို တုံ့လှယ်ဆက်ဆံကြတယ်၊ လူတွေဟာ ယုံကြည်ရတဲ့ သတင်းအရင်းမြစ်တွေက အကြံဉာဏ်ကောင်းတွေအစား ဆိုးရွားတဲ့ အကြံတွေကို ဝေငှဖို့ ပိုပြီးအားသန်ကြတဲ့အချက်တွေကိုလည်း ထည့်တွက်ထားတယ်လို့ ပါမောက္ခ ဟန်းတားက ပြောပါတယ်။

သုတေသီတို့ရဲ့တွေ့ရှိချက်တွေအရ အွန်လိုင်းမှာဖြန့်ဝေနေတဲ့ အန္တရာယ်ရှိတဲ့အကြံဉာဏ်တွေ ၁၀ ရာခိုင်နှုန်းလျှော့ချလိုက်ခြင်းဟာ ရောဂါဖြစ်ပွားနှုန်းပြင်းထန်မှုကိုလျော့ပါးစေပြီး လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းဟာ အန္တရာယ်ရှိတဲ့အကြံဉာဏ်တွေကို ဝေမျှနိုင်ခြင်းမရှိ တာကြောင့် အလားတူအပြုသဘောသက်ရောက်မှုတွေရှိတယ်လို့ ဆိုပါတယ်။

Ref; The Straits Times
Writer_Aung Moe ( XYZ News )

Ads